Tuesday, January 17, 2017

ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးများ ငွေကြေး ထောက်ပံ့ရေး အစီအစဉ် စတင် ဆောင်ရွက်မည်



မန္တလေး၊ ဇန်နဝါရီ ၁၇
အမျိုးသားအဆင့် သက်ကြီး ရွယ်အို စောင့်ရှောက်ရေး စီမံကိန်း (၂၀၁၄-၂၀၂၃)ကို လုပ်ငန်းကဏ္ဍ (၁၀)ရပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သက်ကြီးရွယ်အို ထောက်ပံ့မှုများကို အသက်အရွယ် အပိုင်းအခြားအလိုက် ဆောင်ရွက်သွား မည်  ဖြစ်ကြောင်း၊ ပြဌာန်းထားရှိပြီး ဖြစ်သည့် သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေကို လက်တွေ့ ဆောင်ရွက်နိုင်မည့် နည်းဥပဒေများ ပေါ်ပေါက် လာစေရေးနှင့် ဥပဒေနှင့် ချိတ်ဆက်သည့် မူဝါဒတစ်ရပ် ပေါ်ပေါက်လာစေရေး  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရွှေနန်းထိုက် ဟိုတယ်တွင် ကျင်းပသည့် သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေနှင့်ဆက်စပ်၍ အမျိုးသား သက်ကြီး မူဝါဒရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်  လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ သဘာဝဘေးနှင့် ပတ်သက်ပြီး ခံနိုင်ရည်ရှိတဲ့ နိုင်ငံဖြစ်အောင် ကြိုတင် စီမံမှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွင်ပါရှိသည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများကို ငွေကြေး ထောက်ပံ့ရေး အစီအစဉ် (Maternal and Child Cash Transfer – MCCT )အား ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်များဖြစ်သော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် စတင် ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေး အတွက် တစ်လလျှင် တစ်သောင်းခွဲ ကျပ်နှုန်းဖြင့် တစ်ရက် ထောက်ပံ့ငွေကျပ် (၅၀၀)သည် နောင် အနာဂါတ်တွင် မှန်းဆ၍ မရနိုင်သော အကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ လူမှု ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာဝဘေး စီမံခန့်ခွဲမှု အပိုင်းများတွင် လူမှု အဖွဲ့အစည်းများနှင့် ကွန်ယက်သဖွယ် ပြုလုပ် အကောင် အထည်ဖော်မည် ဖြစ်ကြောင်း ပြောကြားသည်။ 
ယင်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ထမ်းများက သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ သတင်း အချက်အလက်များ ရယူပေးပို့နိုင်သော DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံများကို ရှင်းလင်းပြသပြီး တက်ရောက် လာသူများ၏ လက်ကိုင်ဖုန်းများသို့ ထည့်သွင်း ပေးခဲ့ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment