Thursday, January 12, 2017

ကလေးများဉာဏ်ရည်မြင့်မားရေး ပြည်သူ့စာကြည့်တိုက်တွင် စွမ်းရည်ပြိုင်ပွဲများပြုလုပ်

သထုံ    ဇန်န၀ါရီ    ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ဇန်န၀ါရီလ ၁၂ ရက်၊ မွန်းလွဲပိုင်းက ကလေးများ ဉာဏ်ရည်မြင့်မားလာစေရန်အတွက် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဌာနတို့ ပူးပေါင်းကာ KG ကလေးများအား မှတ်ဉာဏ် စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် စာကြည့်တိုက်သို့ ၀င်ထွက်သွားလာခြင်းဖြင့် စာအုပ် စာစောင်များနှင့်ရင်းနှီးပြီး စာဖတ်ချင်စိတ်များရရှိစေရန်နှင့် အတွေးအခေါ်မှန်ကန်ပြီး ဉာဏ်ရည် မြင့်မား လာစေရန်အတွက် ပြိုင်ပွဲများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က ပြောသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရေး အဖွဲ့က မရမ်းချောင် အ.မ.က ကျောင်းနှင့် ဘင်လှိုင်အောက်လမ်း အ.မ.က ကျောင်းတို့မှ KG တန်း ကလေးငယ် ၄၀ ဦးတို့အား သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြိုင်ပွဲများကို ကျင်းပပေး ခဲ့ကြပြီး ဆုရရှိကြသည့် ကလေးငယ်များအား ဆုများချီးမြှင့်ခဲ့ကြသည်။
သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများ စာကြည့်တိုက်နှင့် ရင်းနှီးမှု ပိုပြီး ပျော်ရွင်စွာ လာရောက်ကြစေရန်အတွက် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယင်းကဲ့သို့ ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းအပြင် လက်မှုပညာ အရုပ်နှင့် ပန်းခေါက်နည်းပညာများ သင်ကြားပေးခြင်းနှင့် နှစ်သက်ရာ ကစားနည်းများကို ဆော့ကစားနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
 သက်ဦး(သထုံ)

No comments:

Post a Comment