Wednesday, January 11, 2017

ပဲခူးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲ ဖွင့်လှစ်


နေပြည်တော် ဇန်နဝါရီလ ၁၁
ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများနှင့် ကုမ္ပဏီဖွဲ့စည်း တည်ထောင်လိုသူများ လျင်မြန် လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန
ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ တောင်ငူလမ်း ရုံးကြီးရပ်ကွက်ရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝင်း၌ ကျင်းပသည်။
တိုင်းဒေသကြီး ဦးစီးမှူးရုံးအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ ရုံးခန်းအတွင်း လှည့်လည်ကြည့်ရှု ကြသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်မှု အခြေအနေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ် ကမ္ဘောဇသာဒီ ခန်းမတွင် ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြာကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်မှ နှုတ်ခွန်း ဆက် အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ပထမဦးဆုံး ကုမ္ပဏီ မှတ်ပုံတင်သည့် ပဲခူးပုံရိပ်ကုမ္ပဏီလီမိတက်အား ဝန်ကြီးချုပ်မှ မှတ်ပုံတင် လက်မှတ်ချီးမြှင့်သည်။ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မှ ပဲခူးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် အလားအလာများ အားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများအားလည်းကောင်း ရှင်းလင်းဆွေနွေး တင်ပြရာ တက်ရောက်လာသော စီးပွားရေး လုပ်ငန်း ရှင်များမှ သိလိုသည်များကို မေးမြန်းဆွေနွေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ဖွင့်လှစ်ခြင်းဖြင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခြင်း၊ သက်တမ်း တိုးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ စုံစမ်းမေးမြန်းခြင်းတို့ကိုလည်းကောင်း အနာဂတ်ကာလတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုလွှာ တင်သွင်းခြင်း၊ စိစစ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းများအားလည်းကောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေ လွယ်ကူချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment