ရန်ကုန်- ဇန်န၀ါရီ ၇
သတင်း -ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ရဲထွဋ်
မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ပွဲတော်တွင်
ပြသမည့် ရုပ်ရှင် ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းများ ရိုက်ကူးပြသနိုင်ရေး တတိယအကြိမ်
ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့် က မြန်မာ့ ဒီမိုကရေစီရုပ်ရှင်
ရက်သတ္တပတ် ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံ ဇာတ်လမ်းများ ရိုက်ကူးပြသနိုင်ရေးအတွက် ဇာတ်လမ်းရရှိရေးသည် အဓိကကျကြောင်း၊ ထို့ကြောင့်
ဇာတ်လမ်းများ ရွေးချယ်ပြီးစီးရေး၊ ဇာတ်လမ်းများ စုစည်းပြီး ဆောလျင်စွာ ရရှိရေး၊ ဇာတ်လမ်းကိစ္စ
ပြီးပြတ်မှ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်လုပ်သူများ ကိစ္စကို ဆက်လက် ဆောင်ရွက်သွားရေးတို့ကို
ဝိုင်းဝန်း ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့်
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး မှတာဝန်ရှိသူများနှင့် အနုပညာရှင် အတတ်ပညာရှင်များက
ဇာတ်လမ်း ရွေးချယ်ရေး အတွက် ကော်မတီ တစ်ရပ်ဖွဲ့စည်းရေး၊ ဇာတ်ညွှန်း ရေးသားရေး၊ ဒါရိုက်တာ၊
သရုပ်ဆောင်၊ ထုတ်လုပ်သူများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် ရုပ်ရှင် ဇာတ်လမ်း
ရိုက်ကူးရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက
ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

No comments:
Post a Comment