Friday, January 27, 2017

ချယ်ရီပင်စိုက်ပွဲတော် ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေ


နေပြည်တော်၊ ဇန်န၀ါရီ (၂၇)
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာပါလီမန်ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်း စီစဉ် ဆောင်ရွက်မှုဖြင့် ဂျပန်-မြန်မာနှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အနာဂတ်လူငယ်များ ငြိမ်းချမ်းရေးကို အလေးထား ဆောင်
ရွက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် စိုက်ပျိုးမည့် ချယ်ရီပင်စိုက်ပွဲတော် (Sakura Festival Myanmar)ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၂၉)ရက်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇ၀နလမ်း၌ ကျင်းပမည်ဖြစ်သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည်  ယနေ့ နံနက်ပိုင်းတွင် အခမ်း အနားကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ချယ်ရီပန်းပင်များ စိုက်ပျိုးရန် စီစဉ်ထားရှိမှု အခြေ အနေများ ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ချယ်ရီပင်စိုက်ပွဲတော် အခမ်းအနားသို့ ဂျပန်နိုင်ငံမှချယ်ရီပန်းပင်ပေါင်း (၁၀၀၀)ကို နေပြည်တော် ကြာပန်းအဝိုင်းမှ လွှတ်တော်အဆောက် အဦးသို့သွားသည့်၊ ဇ၀နလမ်း၏လမ်းဘေးဝဲယာတွင် စိုက်ပျိုးသွားရန် စီစဉ်ထားပြီး ပထမအကြိမ်အဖြစ် (Yoko Sukura) အမျိုးအစား ချယ်ရီပင်(၁၀၀)ကို စိုက်ပျိုး၍၊ (၂၀၁၇)ခုနှစ်မှ (၂၀၁၉)ခုနှစ်အထိ နှစ်စဉ် နိုဝင်ဘာလတိုင်းတွင် ချယ်ရီပင်(၂၀၀)စီ စိုက်ပျိုးသွားမည်ဖြစ်ပြီး (၂၀၂၀)ခုနှစ်တွင် အပင်(၃၀၀) စိုက်ပျိုး သွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ (၂၂)ရက် မှ (၂၅)ရက်နေ့အထိ ကျင်းပ Jata Tourism Expo Japan 2016 နှင့် Global Tourism Forum အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ တက်ရောက်ခဲ့စဉ်က ဂျပန်-မြန်မာ လွှတ်တော်များချစ်ကြည်ရေးအသင်း ဥက္ကဌ Mr. Ichiro AISAWA တို့တွေ့ဆုံစဉ် Mr.Ichiro AISAWA မှ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ရေး အတွက် ချယ်ရီပန်းပင်စိုက် ပျိုးရေးစီမံချက်ကို ကမ်းလှမ်းခဲ့ရာ အောင်မြင်စွာဆောင်ရွက် လာနိုင်ခြင်းဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment