Tuesday, January 17, 2017

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) နှင့် ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုသည် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ရှမ်းပြည် နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ပင်းပက်ဒေသရှိ အမှတ်(၂) သံမဏိ စက်ရုံ(ပင်းပက်)သို့ရောက်ရှိပြီး စက်ပစ္စည်းများ တပ်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် စက်ရုံရှိ တာဝန်ရှိသူများနှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အား စက်စွမ်းအားပြည့် လည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လောပိတလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်သော လျှပ်စစ် ဓာတ်အားကို သာစည် ဓာတ်အားခွဲရုံသို့ ပို့လွှတ်၍ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးလျက်ရှိ ကြောင်း၊ ထို့အတူ ကျိုင်းတောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ် လုပ်သော လျှပ်စစ်ဓာတ်အားကိုလည်း နမ့်စန်မှတစ်ဆင့် သာစည်ဓာတ်အား ခွဲရုံသို့ပို့လွှတ်ကြောင်း၊ ယခုစက်ရုံမှ အသုံးပြုသည့် လျှပ်စစ်ဓာတ်အားသည် သာစည်-ကလော-တောင်ကြီးသို့ ပေးပို့သည့် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ကလော-တောင်ကြီးသို့ပေးပို့သည့် လျှပ်စစ်ဓာတ်အားလိုင်းမှ တစ်ဆင့် သွယ်တန်းပေးပို့ ထားခြင်းဖြစ်ကြောင်း၊ စက်ရုံမှတောင်းဆိုသည့် မတူညီသော Source များမှ လျှပ်စစ်ဓာတ်အားလိုင်း နှစ်လိုင်းအား စက်ရုံအသုံးပြုရန် ချိတ်ဆက်ပေးရမည်ဆိုပါက ကျိုင်းတောင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံမှထုတ် လုပ်သည့် လျှပ်စစ်ဓာတ်အားကို နမ့်စန် မှတစ်ဆင့် စက်ရုံသို့ တိုက်ရိုက်ချိတ် ဆက်လျှင် ပြည်သူများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ တွင် လျော့နည်း သွားမည်ဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် မတူညီသော Source နှစ်ခုမှ လျှပ်စစ် ဓာတ်အားလိုင်း နှစ်လိုင်း ချိတ်ဆက် အသုံးပြု၍မရနိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားရရှိမည့် အခြားနည်းလမ်းများကို ညှိနှိုင်းကြရာတွင် စက်ရုံ၌ စက်စတင်လည်ပတ်ပြီး သံရည်ကျိုမီးဖို စတင်သည့်အချိန်တို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် အစွမ်းကုန်ဖြည့် ဆည်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် Heat Recovery Electric Power Station အကောင်အထည်ဖော် တည်ဆောက် ဆောင်ရွက်ထားရှိသည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနရုံး သို့ရောက်ရှိပြီး ပြည်နယ်ဦးစီးဌာနမှူးက လုပ်ငန်းဆောင်ရွက် လျက်ရှိသည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်စစ်ဆေးရေး လုပ်ငန်းများအား ဓာတ်လိုက်မှု၊ ပေါ့ဆမှုမရှိစေရေးအတွက် ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးရန်လိုကြောင်း၊ ဘွိုင်လာများကိုလည်း အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်သည်အထိ စနစ်တကျ စစ်ဆေးပေးရန်လိုကြောင်း မှာကြားခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment