Friday, December 23, 2016

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့်TNLA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

နေပြည်တော် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက ချီတက် ရှင်းလင်းစဉ် ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် TNLA လက်နက်ကိုင် ၅၀ ခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်စစ်ကြောင်းများက မန်တုံမြို့နယ်၊ မန်အီကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ ပွိုင့်-၁၅၄၃ တောင်ကုန်းသို့ ချီတက်ရှင်းလင်းစဉ် အဆိုပါတောင်ကုန်းအနီးသို့အရောက်၌ TNLA လက်နက်ကိုင် ၅၀ ခန့်က နှစ်နေရာ ဖြန့်ခွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း။
ထို့နောက် တပ်မတော်စစ်ကြောင်းများက TNLA လက်နက်ကိုင်အဖွဲ့နောက်သို့ လိုက်လံရှင်းလင်းခဲ့ရာ အဆိုပါ တောင်ကုန်း၏တောင်ဘက်မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် လက်နက်ကိုင်အဖွဲ့များက ဆွဲမိုင်းသုံးလုံးဖောက်ခွဲ၍ ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့ရာ TNLA လက်နက်ကိုင် အဖွဲ့များသည် အနောက်ဘက်နှင့် အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း။
TNLA လက်နက်ကိုင်အဖွဲ့ ဆုတ်ခွာသွားရာနောက်သို့ တပ်မတော် စစ်ကြောင်း များက လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment