Friday, December 23, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၃
၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌  ကျင်းပရာ ၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ အလားတူ ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီကိုလည်း နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့ ကြောင်း၊ ထို့ပြင် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် လိုအပ်သည့် ဆပ်ကော်မတီများကိုလည်း ထပ်မံဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ယခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထား ရည်ရွယ်ကျင်းပသွားမည်ဖြစ်ပြီး  ဦးတည်ချက်များမှာ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။
လွတ်လပ်ရေးကို တိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်း ရယူနိုင်ရန် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို ပြဆိုခဲ့ကြကြောင်း၊ ယခု နှစ်ဆယ့်တစ်ရာစုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစုပင်လုံကို ကျင်းပလျက်ရှိကြောင်း။ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများဖြင့်သာ ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်နည်းလမ်းဖြင့် ဖက်ဒရယ်စနစ်ကို ရောက်ရှိနိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး တံခါး ဖွင့်လှစ်ထားကာ တွေ့ဆုံဆွေးနွေးရေးအတွက် ဖိတ်ခေါ်ထားကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်သည် လက်မှတ်ရေးထိုးခြင်း မရှိသေး သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုမှုအရ ပေါ်ပေါက်လာ ရခြင်းဖြစ်ကြောင်း။
ကျန်ရှိနေသေးသော အဖွဲ့အစည်းများအနေဖြင့် NCA ထီးရိပ်အောက်သို့ အမြန်ဆုံးလာရောက်ကြရန် တိုက်တွန်းလို ကြောင်း၊ NCA ထိုးပြီးနောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံတွင် တိုင်းရင်းသားအချင်းချင်း တန်းတူရည်တူ ရှိမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် နိုင်ငံရေးပြဿနာများကို အဖြေရှာကြရန် ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် (၂၁)ရာစု ပင်လုံညီလာခံသည် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါကြောင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အဓိကမှာ ပြည်ထောင်စုစိတ်ဓာတ် ပင် ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားရန် အလွန်အရေးကြီး ပါကြောင်း၊  ပြည်ထောင်စု စိတ်ဓာတ်သည်သာလျင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားရမည့် စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ပင်လုံညီလာ ခံ၏ ရလဒ်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိပြီး မိမိတို့ လွတ်လပ်ရေး ပြန်လည် ရရှိခဲ့ပါကြောင်း။
ယနေ့တွင်လည်း ပင်လုံစိတ်ဓာတ်ဖြင့် ငြိမ်းချမ်းရေးရရှိအောင် အဓိကထား ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးရမှ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် စီမံခန့်ခွဲမှု ကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းထားရှိမှု လုပ်ငန်းများအားလည်းကောင်း၊ ကော်မတီတွဲဖက်အတွင်းရေးမှူး နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ နှစ်အလိုက်ကျင်းပခဲ့မှု၊ ပြီးခဲ့သည့်နှစ်က သတ်မှတ်ခဲ့သည့်ဦးတည်ချက်၊ သ၀ဏ်လွှာပုံစံ၊ ပို့်စကတ်နမူနာများနှင့် မြေစိုက်ပို့စတာဒီဇိုင်းများ၊ ဖိတ်ကြားမှုစာရင်းများတို့နှင့်  စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊  ဦးသန့်စင်မောင်၊ ဦးကျော်ဝင်း၊ ဦးအုန်းမောင်၊ နိုင်သက်လွင်၊ ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက်  ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေး၊ လုံခြုံရေး၊ လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး၊ သ၀ဏ်လွှာပြုစုရေး၊ အလံတင်အခမ်းအနား ကျင်းပရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment