မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ငါးလှိုင်တွင်း ကျေးရွာရှိ တောင်သူများသည် ဘိုးစဉ် ဘောင်ဆက်
မိရိုးဖလာ လုပ်ငန်းဖြစ်သော နှီး၊ ဖျာ၊ ယိုင်လိပ်လုပ်ငန်းများကို တောင်သူလုပ်ငန်းနှင့်
တွဲဖက်၍ အဓိကစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း
သိရသည်။
အဆိုပါ
နှီး၊ ဖျာ၊ ယိုင်လိပ်လုပ်ငန်းနှင့်ပတ်သက်၍ ငါးလှိုင်တွင်းကျေးရွာမှ ၎င်းလုပ်ငန်းလုပ်ကိုင်သူ
ဦးဝင်းမြင့်က "ကျွန်တော်တို့ အရင်ဆုံးဝါးခုတ်တဲ့အခါမှာ သေးတဲ့ဝါကိုလဲမခုတ်ဘူး၊
ကြီးတဲ့ဝါးကိုလဲ မခုတ်ဘူး၊ အလတ်ထဲက ဆယ်နှစ်တောင်ပြည့်တဲ့ဝါးကို ခုတ်ရပါတယ်၊ ဒါမှသာ
ဝါးမျိုးဆက်မပြုန်းတီးဘဲ ရေရှည်သုံးစွဲနိုင်အောင် လုပ်ပါတယ်၊ တောထဲမှာပဲ ၀ါးကိုခြမ်း၊
အကြောထိုးပါတယ်၊ အကြောထိုးဝါး ရှစ်ဆယ်ထုံးနှစ်ထုံးစာလောက်ကို
ဝါးနှစ်ဆယ်နဲ့ နှစ်ဆယ်ငါးလုံးလောက်ခုတ်ရပါတယ်၊ အဲလောက်ရရင် အိမ်ကိုသယ်လာပါတယ်၊ အကြောထိုးလာတဲ့ဝါကို
လုပ်ငန်းလုပ်လို့ရအောင် နှီးဆွဲပြီး တစ်နေ့ နေလှန်း ပါတယ် နှီးခြောက်မှ ဖျာရက်လို့
ရပါတယ်"ဟု ပြောပြခဲ့သည်။
"ကျွန်တော်တို့ရွာတစ်ရွာလုံး
ဘိုးစဉ်ဘောင်ဆက်ကတည်းက ဆယ်နှစ်ရာသီကာလလုံး နှီး၊ ဖျာ၊ ယိုင်လိပ် ကိုပဲ ရက်လုပ်လာတာပါ၊
ခုထိလဲတစ်ရွာလုံးလုပ်ကျတာဘဲ၊ ရက်လုပ်တဲ့အရွယ်အစားတွေကတော့ ဖျာအကြီး (လေးတောင်ငါတောင်)အရွယ်အစားနဲ့
ဖျာအသေး (သုံးတောင်လေးတောင်) အရွယ်အစား နှစ်မျိုး ရက်တယ်၊ ယိုင်လိပ်ကတော့ အလျားဆယ်နှစ်တောင်၊
အနံနှစ်တောင်ရက်ပါတယ်၊ ဖျာအကြီး၊ အသေး မူတည်ပြီး တစ်နေ့ ဖျာ သုံးချပ် (သို့မဟုတ်) လေးချပ်ထိပြီးတယ်၊
ယိုင်လိပ်ကျတော့ နှစ်လိပ်၊ နှစ်လိပ်ခွဲထိ ပြီးတယ်၊ ကျွမ်းကျင်မှုပေါ်တော့ မူတည်တာပေါ့၊
မိန်းမသားတွေပဲ ရက်တာများတယ်၊ ယောင်္ကျားသားတွေက ၀ါးခုတ်သွားရပါတယ်" ဟု ငါးလှိုင်တွင်းကျေးရွာ
အုပ်ချုပ်ရေးမှူးဦးညွှန်စိန်က ပြောပြခဲ့သည်။
ယင်းသို့
ပစ္စည်းများအား ဈေးကွက်၌ရောင်းချရာတွင် စလင်းမြို့သို့ သွားရောက်ရောင်းချရကြောင်း၊
ဆောင်းရာသီး၌ လုပ်ငန်းပိုမို တွင်ကျယ်ကြောင်း သိရပြီး၊ ဖျာအသေးတစ်ချပ်လျင် လေးထောင်ငါးရာကျပ်၊
ဖျာအကြီး တစ်ချပ်လျင် ခုနှစ်ထောင့်ငါးရာကျပ်၊ ယိုင်လိပ်တစ်ချပ်လျင် လေးထောင်ကျပ်၊ နှီးဆယ်ထုံးစည်း
တစ်စည်းလျင် တစ်ထောင့်နှစ်ရာကျပ်နှင့် တစ်ထောင့်ငါးရာကျပ်ကြား ရောင်းချရရှိကြောင်း
သတင်းရရှိသည်။
မြို့နယ်
(ပြန်/ဆက်)

No comments:
Post a Comment