Monday, December 26, 2016

အထက(၁)မြိတ်ဆရာ/မများ နားနေဆောင်အတွင်း မီးလောင်မှုဖြစ်ပွား

မြိတ် ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အထက(၁)ကျောင်း ကုမုဒြာကျောင်းဆောင် ဆရာမများ နားနေဆောင်အတွင်းတွင် ဒီဇင်ဘာလ(၂၆)ရက် နံနက်(၃)နာရီ (၄၀) မိနစ်ခန့်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း၊
မီးလောင်မှုအား ပြည်သူတစ်ဦးမှ (၄)နာရီ (၄၀) မိနစ်ခန့်က မီးသတ်စခန်းသို့ ဆိုင်ကယ်ဖြင့် လာရောက်သတင်းပေးသဖြင့် မြို့နယ် မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ် ရေသယ်ယာဉ် စုစုပေါင်း(၆)စီးဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ငြိမ်းသတ်ခဲ့ရာ (၄)နာရီ (၄၇) မိနစ်က မီးငြှိမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုကြောင့် ဆရာမများ နားနေဆောင်အတွင်းရှိ သစ်သားဘီဒိုအဟောင်းတစ်လုံး၊ တက္ကသိုလ် ၀င်တန်း ဒီဇင်ဘာလ လပတ်စာမေးပွဲအဖြေလွှာစက္ကူ(၁၅)ထုတ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုအကြောင်းအရင်းအား တာဝန်ရှိသူများက စစ်ဆေးခဲ့ရာတွင် မီးလောင်မှုဖြစ်ပွားချိန်တွင် မီးပျက်နေခြင်း၊ ဘီဒိုမှာ နေ့စဉ်အသုံးပြုနေခြင်းကြောင့် ၀ါယာရှော့နှင့် အပူလွန်ကဲခြင်း မဖြစ်နိုင်ကြောင်း၊ မီးလောင်သည့် အခန်းပြတင်း ပေါက်ပွင့်နေပြီး လေ၀င်ပေါက်သို့တက်သည့် ခြေရာလက်ရာများ တွေ့ရှိရသဖြင့် မီးလောင်မှုအား ရှို့မီးအဖြစ် သုံးသပ် ယူဆခဲ့ကြသည်။
မီးလောင်မှု စစ်ဆေးသုံးသပ်ချက်များအရ တာဝန်ရှိသူများက ကျောင်းစောင့်ဦးသန်းဇော်ဦးကို မသင်္ကာသဖြင့် ၄င်းအား မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ထိုနေ့(၂)နာရီခန့်က ၄င်းတစ်ဦးတည်း  ဆရာ/မများ နားနေဆောင်အခန်းအတွင်း ၀င်ရောက်ခဲ့ပြီး ဖယောင်းတိုင်မီးဖြင့် စာရွက်စာတမ်းထည့်ထားသည့် ဗီဒိုအဟောင်းအား ၀င်ရောက် မီးရှို့ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ကျောင်းစောင့် ဦးသန်းဇော်ဦးအား မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမ ဥပဒေအရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြိတ် (ပြန်/ဆက်)

No comments:

Post a Comment