Sunday, December 25, 2016

(၆၉)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပ



နေပြည်တော် ဒီဇင်ဘာ - ၂၄
(၆၉)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံ တံတား၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(ရေ) ၀တ်စုံအား ဂုဏ်ပြု ၀တ်ဆင်၍ တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အခမ်းအနား တက်ရောက် လာကြသည့် အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်(ရေ)များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထို့နောက် စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်က တပ်တော်ဝင် စစ်ရေယာဉ်များ အဖြစ် ကြေငြာရာ နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ တပ်မတော်(ရေ) အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံ လွှင့်တင်ခြင်း၊ ခေါင်းလောင်း ၈ ချက် တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များအား ကြည့်ရှု စစ်ဆေးသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဖရီးဂိတ် စစ်ရေယာဉ် အောင်ဇေယျ ဦးဆောင်သော ဖရီးဂိတ် စစ်ရေယာဉ် ကျန်စစ်သား၊ ဆင်ဖြူရှင်၊ ဒုံးပျံတင် ကော်ဗက် စစ်ရေယာဉ် ဘုရင့်နောင်၊ အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံပြု မောင်းနှင်ပြီး ချီတက် အလေးပြုကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ယခင်ကမြန်မာ့ ကမ်းရိုးတန်း ကာကွယ်ရေးတွင် ယိုပေါက်များစွာ ရှိခဲ့ရာမှ စစ်ရေယာဉ် အရေအတွက် များလာခြင်း၊ စစ်ရေယာဉ်များ၏ စွမ်းဆောင်ရည် မြင့်မားလာခြင်း တို့ကြောင့် ယင်းယိုပေါက်များ နည်းနိုင်သမျှ နည်းလာပြီး မိမိတို့ ပိုင်နက် ရေပြင်ကို ၀င်မလာဝံ့သည် အထိ လုပ်ဆောင်နိုင်ကြောင်း၊ ထိုသို့ နိုင်ငံတော် အတွက် ငွေကြေး သက်သာမှု များစွာ ရရှိစေပြီး စိတ်ဓာတ်ရေး အရ လည်းကောင်း၊ စွမ်းရည် မြင့်မားစေရေး အတွက် လည်းကောင်း၊ တပ်မတော်(ရေ)ကို အဆင် မြှင့်တင်ပေးနေသည့် စစ်ရေယာဉ် တည်ဆောက်ရေး လုပ်ငန်းအသီးသီးတွင် တာဝန်ယူ တည်ဆောက် နေကြသည့် တပ်မတော်(ရေ)မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအား ဂုဏ်ပြုကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ရေတပ် သင်္ဘောကျင်း ဌာနချုပ် အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးကြသည်။
ညနေပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ (၆၉)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အထိမ်းအမှတ် ပြခန်းနှင့် အရောင်း ဆိုင်ခန်းများကို လှည့်လှည် ကြည့်ရှုကြသည်။
ယနေ့ ကျင်းပသည့် (၆၉)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်း အမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်ဖွဲ့တင် စစ်ရေယာဉ် တစ်စီး၊ ဒုံးပျံတင် ကော်ဗက် စစ်ရေယာဉ် တစ်စီးနှင့် တင့်ကားတင် ကမ်းထိုး ရေယာဉ် ၆ စီးတို့ တပ်တော်ဝင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment