ရန်ကုန်
- ဒီဇင်ဘာ ၂၄
မြန်မာ့ ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်
ပွဲတော်ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့
ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်း အစည်းအဝေးတွင် ပြန်ကြားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဒီမိုကရေစီ လမ်းကြောင်းကို အထောက်အပံ့ဖြစ်စေမည့်
ရုပ်ရှင် ဇာတ်ကားများနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ရိုက်ကူးရန် ရုပ်ရှင် အစည်းအရုံးမှ
တာဝန်ရှိသူများ၊ အနုပညာရှင် အတတ်ပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးသည်မှာ ယခု ဒုတိယအကြိမ်
ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ် ပွဲတော်၌ ပြသမည့် ရုပ်ရှင် ဇာတ်ကားများနှင့်
ဇာတ်လမ်းတွဲများ ရိုက်ကူးရာတွင် ရုပ်ရှင်ပညာရှင်များ အနေဖြင့် စိတ်ကူး စိတ်သန်းများ
မည်သို့ရှိသည်ကို ဝိုင်းဝန်း ဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့်
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် အတတ် ပညာရှင်များက
ရုပ်ရှင် ဇာတ်ကားကြီး (၇)ကားနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ရိုက်ကူးရေး၊ ရိုက်ကူးရာတွင်
ကော်မတီ တစ်ရပ် ဖွဲ့စည်းရေး၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်များ ရွေးချယ်ရေး၊ ရုပ်ရှင်
ဇာတ်လမ်း ရှာဖွေရေး ကော်မတီနှင့် ဇာတ်လမ်း ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းရေးတို့နှင့် စပ်လျဉ်း၍
ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား
ပြောကြားသည်။
(သတင်းစဉ်)

No comments:
Post a Comment