ရန်ကုန်
ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊
ဧရာဝဏ်၊ ရတနာမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ အပိုင်း(၁) ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာ
(၁၈)ထပ် အဆောက်အဦသစ် စီမံကိန်း မိတ် ဆက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင်
အဆိုပါ အိမ်ရာစီမံကိန်း၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်ပြီး အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊
ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊
ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ၊
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာကို
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဒေါ်စန်းစန်းအေး နှင့် ရွှေတောင်ကုမ္ပဏီမှ မန်နေးဂျင်း
ဒါရိုက်တာ ဦးအောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝ န်ကြီးချုပ်နှင့်
ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များသည် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ပြခန်းအတွင်း
ပြသထားသည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးပုံစံငယ်၊ ဒဂုံဆိပ်ကမ်း မြို့နယ်ပုံစံငယ်နှင့်
ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာ ပုံစံငယ်တို့ကို လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က
ယခု ဆောင်ရွက်သည့် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ် လမ်းမကြီး နှင့် ရတနာလမ်းပေါ်ရှိ ရတနာ
နှင်းဆီအိမ်ရာ စီမံကိန်းမှာ ကနဦး မြို့ပြဖွံ့ဖြိုးရေး သဘောထား ပုံစံအရ မြို့ပြ ဗဟိုခွဲတစ်ခုအဖြစ်
မျှော်မှန်း၍ Compact, Integrated and Comprehensive Urban Development ဖြစ်စေရန်
Neighborhood Concept ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၆
- ၂၀၁၇ မှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အထိ အိမ်ရာဖွံ့ဖြိုးမှု (၅)နှစ် စီမံကိန်း ရေးဆွဲထားရာ
စုစုပေါင်းအိမ်ရာ (၁.၈)သိန်း အထိ အကောင် အထည်ဖေါ် တည်ဆောက် နိုင်မည်ဟု မျှော်မှန်းထားပါကြောင်း။
ရန်ကုန် တိုင်းဒေသကြီး၌ ၂၀၁၆-၂၀၁၇ မှ
၂၀၁၇-၂၀၁၈ ခုနှစ်အထိ (၂)နှစ်အတွင်း တန်ဘိုးနည်း အိမ်ရာအခန်းပေါင်း (၈၀၀၀)ကို ဦးစားပေး
ဆောက်လုပ်သွားရန် စီစဉ်ထားပြီး တန်ဘိုးနည်း အိမ်ရာကို အိမ်ခန်း တစ်ယူနစ်လျှင် ကျပ်သိန်းတစ်ရာဖြင့်
ရောင်းချပေးနိုင်အောင် စီမံကိန်း ကုန်ကျစရိတ်ကို တန်ဘိုးမြင့် စီမံကိန်းမှ တန်ဘိုးနည်း
စီမံကိန်းသို့ စိုက်ထုတ် ကျခံပေးသည့် နည်းလမ်း (Cross Subsidy) ဖြင့် ကျခံ ဆောင်ရွက်
သွားမည် ဖြစ်ပါကြောင်း။
သာမန် မိသားစုများသည် သင့်လျော် ကောင်းမွန်သည့်
အိမ်ရာများကို တစ်လုံး တစ်ခဲတည်း ဝယ်ယူနိုင်စွမ်း မရှိသည့်အတွက် ပြည်သူများ အိုးပိုင်အိမ်ပိုင်
ဖြစ်လာစေရေး သင့်လျော်သည့် အိမ်ရာဘဏ္ဍာ ငွေကြေးစနစ်များကို ထူထောင် စီမံပေးလျက် ရှိပါကြောင်း။
ပြည်သူလူထု၏ နေရေး အဆင့်မြှင့်တင်နိုင်ရန်
ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေ ဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄
ခုနှစ်တွင် ထူထောင်ခဲ့ကြောင်း၊ ယခုအခါ သိန်း(၁၀၀)အောက် တန်ဘိုးနည်း အိမ်ရာများကို ပြည်သူလူထုထံ
သို့ ကနဦး တစ်လုံး တစ်ခဲတည်း (၃၀ %) ပေးသွင်းစေပြီး (၇၀ %) ကို ဆောက်လုပ် ရေးနှင့်
အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ လစဉ် (၈ နှစ် ၊ ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၅ နှစ်)
အရစ်ကျ ပေးဆပ်သည့် စနစ်ဖြင့် စီမံ ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က အိမ်ရာများကို တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့် ဆိုပြီး
ခွဲထားကြပါကြောင်း၊ အများအထင်တွင် တန်ဖိုးဆိုသည်မှာ ငွေရေး ကြေးရေးအရ ခွဲထားသည်ဟု ထင်မှတ်စရာ
ဖြစ်ပါကြောင်း၊ တန်ဖိုးဆိုသည်မှာ အရေးကြီးဆုံး မိမိတို့ပြည်သူများ ကိုယ်နေသည့် အိမ်ရာ
လုံခြုံခြင်း ဆိုသည့် စိတ်ချမှုကို ဆိုလိုပါကြောင်း၊ လုံခြုံမှုဆိုရာတွင် ပတ်ဝန်းကျင်
လုံခြုံရေးအပြင် အဆောက်အဦ လုံခြုံရေးလည်း ပါဝင်ပါကြောင်း၊ အဆောက်အဦ လုံခြုံရေးသည် ရှိသင့်ရှိထိုက်သော
အဆောက်အဦ လုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုကို ဆိုလိုပါကြောင်း။
ဒုတိယတန်ဖိုးမှာ ထိုအဆောက်အဦများတွင်
နေထိုင်သည့်ပုဂ္ဂိုလ်များ၊ အဆောက်အဦများကို အသုံးပြုမည့် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊
နောက်လာမည့် အဆောက်အဦများတွင် ရုံးခန်းများ၊ အခြား လိုအပ်သည်များ ပါရှိလာမည် ဖြစ်ပါကြောင်း၊
အားလုံး၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် တန်ဖိုးကို ပြောခြင်း ဖြစ်ပါကြောင်း။
တတိယတန်ဖိုးမှာ ပတ်ဝန်းကျင်နှင့် ဆီလျော်သည့်
တန်ဖိုး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အင်မတန်မှ လှပသည်ဟု လူတိုင်းလူတိုင်းက ချီမ်းမွမ်းကြပါကြောင်း၊
ရန်ကုန်မြို့သည် တစ်ချိန် တစ်ခါတုန်းက အရှေ့တိုင်းတွင် အလှပဆုံး မြို့ဆိုပြီး ထင်ရှား
ခဲ့ပါကြောင်း ယခုအချိန်တွင် ထိုပုံစံအတိုင်း မဟုတ်တော့သည်ကို မိမိတို့ ဝန်ခံရမည် ဖြစ်ပါကြောင်း၊
ရန်ကုန်ကို ပြန်ပြီး လှပတင့်တယ်ရန် ဆိုလျှင် အားလုံးဝိုင်းပြီး ရုန်းကန်ရမည့် ကိစ္စ
ဖြစ်ပါကြောင်း၊ ရန်ကုန် အစိုးရတစ်ခုတည်း လုပ်၍ မပြီးပါကြောင်း၊ ရန်ကုန် အစိုးရတွင်
အဓိကတာဝန် ရှိသည်ဆိုသော်လည်း ဗဟိုပြည်ထောင်စု အစိုးရကလည်း ဝိုင်းဝန်း ကူညီသွားမည် ဖြစ်ပါကြောင်း။
မိမိတို့ ယခု ရန်ကုန်မြို့ကြီးကို ပြန်လည်မွမ်းမံရန်
စီစဉ်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် မိမိတို့တွင် စီမံကိန်းလိုပါကြောင်း၊ စီမံကိန်းမရှိဘဲ
ပြန်ပြီး တင့်တယ် လှပအောင် လုပ်ရန် မလွယ်ပါကြောင်း၊ ယခုဆိုလျှင် ကုန်းလမ်းသာမက ရေလမ်းကပါ
ပြန်ပြီးသုံးစွဲနိုင်ရန် ပြည်သူ့အတွက် တန်ဖိုးရှိနိုင်ရန် ကြိုးစားနေသည့် အချိန်ဖြစ်ပါ
ကြောင်း၊ ရန်ကုန်တွင် အောင်မြင်နိုင်ပြီဆိုလျှင် တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့်
၅၀% အောင်မြင်သည်ဟု ပြော၍ ရပါကြောင်း၊
ယင်းမှာ ကျန်သည့်နေရာများကို တန်ဖိုးမထား၍
မဟုတ်ပါကြောင်း၊ သို့ရာတွင် ရန်ကုန်သည် မိမိတို့နိုင်ငံ၏ မျက်နှာစာဟု ပြောလျှင် မမှားပါကြောင်း၊
ထို့ပြင် လူဦးရေ အများဆုံး မြို့တော်ကြီးလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏
Commercial Center ဟု ခေါ်၍ရသည့် စီးပွားရေး မြို့တော်ကြီးလည်း ဖြစ်ပါကြောင်း၊ စီးပွားရေး
မြို့တော်ကို အောင်မြင်ခြင်း တိုးတက်ခြင်း ပြနိုင်မှ တစ်တိုင်းပြည်လုံးကလဲ အားရမည်၊
မိမိတို့နိုင်ငံကို ကမ္ဘာကလည်း တိုးတက်လာပြီ ဆိုပြီး အသိ အမှတ်ပြုမည် ဖြစ်ပါကြောင်း။
ယခု ရန်ကုန်တွင် ပြဿနာကြီးတစ်ခုမှာ လမ်းများတွင်
ကားများ ပိတ်ဆို့နေမှု၊ ယာဉ်ကြော ပိတ်ဆို့နေမှု ဖြစ်ပါကြောင်း၊ ယာဉ်ကြော ပိတ်ဆို့နေသည့်
အတွက် အချိန်ကို အင်မတန်မှ ကုန်စေပါကြောင်း၊ အချိန်ဆိုသည်မှာ တန်ဖိုး ထားသင့်သည့်အရာ
ဖြစ်ပါကြောင်း၊ အလုပ်သွားရန် လမ်းမှာ (၂)နာရီ ကြာနေလျှင် အချိန်(၂)နာရီ အလကား ဖြစ်သွားသည်ဟု
မိမိ ယူဆပါကြောင်း။
ရန်ကုန် မြို့တော်ကြီးကို နေပျော်ရန်အတွက်
မလိုအပ်သည့်၊ အချိန်မကုန် နိုင်သည့် မြို့တော်ကြီး ဖြစ်ရန်လည်း လိုပါကြောင်း၊ ထို့ကြောင့်
ယခုလို အိမ်ရာ စီမံကိန်း၊ မြို့ပြ စီမံကိန်းများ လုပ်လျှင် အသွားအလာ ဘက်ကိုလည်း စဉ်းစားရန်
လိုပါကြောင်း။
ဤအိမ်ရာများတွင် နေမည့် ပြည်သူများ ဘယ်မှာ
အလုပ်လုပ်ကြသလဲ၊ သားသမီးများက ဘယ်မှာ ကျောင်းသွားတက်ရမလဲ၊ ကျန်းမာရေးနှင့် ပတ်သက်၍
လိုအပ်ချက် ရှိလျှင် ဆေးရုံ၊ ဆေးခန်း ဘယ်မှာရှိသလဲ အားလုံးကို ထည့်တွက်ပြီးမှ နေရာချသည့်
အခါ တကယ်တန်ဖိုး ရှိသော အိမ်ရာများ ဖြစ်လာမှာ ဖြစ်ပါကြောင်း။
ငွေရေးကြေးရေးအရ မြင့်မြင့်မားမား ပေးရခြင်းကြောင့်
တန်ဖိုးမြင့်လာခြင်း မဟုတ်ပါကြောင်း၊ မိမိတို့ ယခုလို တန်ဖိုးမြင့်၊ တန်ဖိုးသင့် တန်ဖိုးနည်းအိမ်ရာ
စီမံကိန်းများ လုပ်သည့်အခါ မိမိတို့က တန်ဖိုးငွေအရသာ မကြည့်ပါကြောင်း၊ တတ်နိုင် သူများရှိသကဲ့သို့
သိပ်မတတ်နိုင်သည့် ပြည်သူများလည်း ရှိပါကြောင်း၊ သိပ်ကြီး တန်ဖိုးမြင့်မြင့် မတတ်နိုင်သည့်
ပြည်သူ ပြည်သားများအတွက် အားလုံး ဝိုင်းဝန်းပြီး ပံ့ပိုးသည့် အနေဖြင့် တန်ဖိုးမြင့်
အိမ်ရာများမှ ရရှိသည့် ဝင်ငွေများ၊ ဘဏ္ဍာငွေ အတွက် အထောက်အကူများကို တန်ဖိုးနည်း အိမ်ရာများတွင်
သုံးစွဲရန် အစီအစဉ်ရှိသည့် အတွက် ဝင်ငွေအပေါ်မှာသာ အခြေခံခြင်း မဟုတ်ဘဲ ပြည်သူ ပြည်သားများ
ဖြစ်သည် ဆိုသည့် အခြေအနေအပေါ် မူတည်ပြီး အဆင့်ရှိသော တန်ဖိုးရှိသည့် အိမ်ရာများတွင်
နေနိုင်ကြရန် ဖြစ်ပါကြောင်း။
အဆင့်ရှိသည် ဆိုသည်မှာ ပိုက်ဆံကုန်မှ
အဆင့်ရှိခြင်း မဟုတ်ပါကြောင်း၊ လုံခြုံမှုလည်း ရှိမည်၊ နေထိုင်သည့် ပြည်သူ ပြည်သားများ
သုံးသည့်၊ ပြည်သူ ပြည်သားများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရန်လည်း လုံလောက်မည့်၊
ပတ်ဝန်းကျင်နှင့်လည်း ဆီလျော်သည့် တန်ဖိုးများ ရှိမည်ဆိုလျှင် ဒီအိမ်ရာများသည် တန်ဖိုး
ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ နေပျော်ပြီး မိမိတို့နိုင်ငံအတွက် ဂုဏ်သိက္ခာ ရှိသော
အိမ်ရာများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ဖြစ်လာရန် အားလုံးက ဝိုင်းဝန်း ကူညီရမည်
ဖြစ်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင် များကလည်း စီမံကိန်းများ အောင်မြင်အောင် ဝိုင်းဝန်းပြီး
အကူအညီ ပေးကြစေလိုကြောင်း၊ အစိုးရတစ်ခု တည်းသာ တာဝန်ရှိသည်၊ အစိုးရသာ လုပ်ရမည် ဆိုသည့်
စိတ်ဓါတ်များ မမွေးမြူ စေလိုကြောင်း၊ ယင်းမှာ ဒီမိုကရေစီ စိတ်ဓါတ် မဟုတ်ပါကြောင်း။
ဒီမိုကရေစီ စိတ်ဓါတ်ဆိုသည်မှာ ပြည်သူလူထုတွင်
အခွင့်အရေးများ ရှိသကဲ့သို့ တာဝန်လည်း ရှိပါကြောင်း၊ အားလုံး ဝိုင်းဝန်းပြီး ကြိုးစားမည်၊
အားလုံးတွင် တာဝန် ရှိသည်၊ မိမိတို့နိုင်ငံ၏ တိုးတက်ရေးသည် အားလုံး၏ တိုးတက်ရေး ဆိုသည့်
စိတ်ဓါတ်ဖြင့် ကြိုးစား သွားရမည် ဖြစ်ကြောင်း၊ အစိုးရ လုပ်ပေးမှုကိုသာ ထိုင်ပြီး ကြည့်မနေစေ
လိုပါကြောင်း။
အစိုးရ လုပ်တာကိုသာ ထိုင်ကြည့်နေရပြီး
အစိုးရ လုပ်ချင်တာ လုပ်သွားလျှင် ပြည်သူလူထု အတွက် မကောင်းပါကြောင်း၊ မိမိတို့ ယခုလို
စီမံကိန်းများစပြီး ဖော်ဆောင်ပြီဆိုလျှင် ပြည်သူများ ပါဝင် ပတ်သက် လာရေးသည် အရေးကြီးဆုံး
ဖြစ်ပါကြောင်း၊ အားလုံးက စိတ်ဝင်စားကာ ဤစီမံကိန်းများကို အားပေး ထောက်ခံလာပြီး ဝိုင်းဝန်းဆောင်ရွက်ပေးရန်
လိုပါကြောင်း၊ ရန်ကုန်နှင့် ပတ်သက်သည့် စီမံကိန်းများ အားလုံး တစ်ခုချင်းစီ အောင်မြင်ရန်
အတွက် တတ်နိုင်သည့် ဘက်မှ ပြည်သူများလည်း ပါဝင်ကြပါဟု မိမိအနေဖြင့် မေတ္တာ ရပ်ခံချင်ပါကြောင်း။
ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကလည်း
ဝိုင်းဝန်းပြီး ကူညီစေချင်ပါကြောင်း၊ ယခုခေတ်တွင် အားလုံး ပါဝင်ရမည် ဖြစ်ပါကြောင်း၊
Public Private Partnership ဖြစ်ပါကြောင်း။
ပုဂ္ဂလိက ကဏ္ဍနှင့် အစိုးရပိုင်းဆိုင်ရာ
ကဏ္ဍအားလုံး ပူးပေါင်းပြီး ဆောင်ရွက်မှ အောင်မြင်နိုင်မည်၊ မြန်မြန်ဆန်ဆန် တိုးတက်နိုင်မည်
ဖြစ်ပါကြောင်း၊ ရန်ကုန် မြို့သူ မြို့သားများ ကလည်း မိမိတို့၏ မြို့တော်ကြီး တိုးတက်စေရန်
ဝိုင်းဝန်းကူညီကြပါ၊ ယခု စီမံကိန်းများ၊ ဆောက်လုပ်ရေး စီမံကိန်းများကို ဝိုင်းဝန်းပြီး
ကူညီပံ့ပိုးပေးကြပါဟု မေတ္တာ ရပ်ခံပါကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရတနာနှင်းဆီ
အဆင့်မြင့်အိမ်ရာဝင်း အတွင်း ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် မဟာ လှေကားပင်ကို လည်းကောင်း၊
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က သရဖီပင်ကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပုန်းညှက်ပင်ကို လည်းကောင်း စိုက်ပျိုးပေးပြီး အိမ်ရာ စီမံကိန်းအတွင်းရှိ
ကစားကွင်း ပန်းခြံနှင့် အဆောက်အဦ (၁၇)လွှာရှိ နမူနာအခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ
စီမံကိန်းသည် ရတနာ လမ်းမကြီးဘေးတွင် တည်ရှိသည်။ စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇွန် ၁ ရက်
တွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ စီမံကိန်း Parcel-G တွင် ဆောင်ရွက် ပြီးစီးသည့်
တိုက် (၅) လုံး၌ ပါဝင်သည့် အခန်းများ၏ အကျယ် အဝန်းများမှာ (၆၀၀) စတုရန်းပေ အခန်း(၇၆၀)
နှင့် (၁၂၀၀) စတုရန်းပေ အခန်း(၆၂၀)၊ စုစုပေါင်း အခန်း အရေအတွက်မှာ (၁၃၈၀)ဖြစ်သည်။
ထို့ပြင် ဧရာဝဏ် လမ်းမကြီးဘေးရှိ ချမ်းသာရွှေမြေ ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့်
အခန်းများကိုလည်း ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စီမံကိန်းကို
ပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ရန် Livableand Inclusive ဖြစ်အောင် အနာဂတ်တွင်
ဆက်လက် ဆောင်ရွက် သွားမည့် အိမ်ရာ စီမံကိန်းများ အတွက် စံနမူနာကောင်း တစ်ခုအနေဖြင့်
မိတ်ဆက် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဤ ရတနာနှင်းဆီ အိမ်ရာစီမံကိန်းကို အစိုးရအသစ်၏
ပြည်သူများ အိုးပိုင် အိမ်ပိုင်ရရှိရေး အတွက် ကနဦး ခြေလှမ်းဖြင့် စတင်ခြင်းဖြစ်ကြောင်း၊
မကြာခင် ကာလတွင် တန်ဘိုးနည်းအိမ်ရာ ၂၂၀၀ ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း
သိရှိရသည်။ (သတင်းစဉ်)


No comments:
Post a Comment