Friday, December 2, 2016

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ


ရန်ကုန် ဒီဇင်ဘာ ၁

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ ဝင်းရှေ့၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ခေတ်ပြိုင် သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)နှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ သာထွန်းဦးတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော်တွင် ခင်းကျင်းရောင်းချ လျက်ရှိသည့် စာအုပ်ဆိုင်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယင်းနောက် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲဖွင့်ပွဲကို ဗဟိုပုံနှိပ် စက်ရုံဝင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သည် ခေတ်ပြိုင် သမိုင်းဆိုင်ရာ စာပေ စာတမ်း ဖတ်ပွဲစတင် ကျင်းပသည့်နေ့ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲ နှင့် တစ်ဆက်တည်း ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ကျင်းပလျက်ရှိ ကြောင်း၊  ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ကျင်းပခဲ့ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း နေပြည်တော်၌ ကလေးစာပေ ပွဲတော်ကို ကျင်းပခဲ့ကြောင်း၊ နိုဘယ်လ်မြန်မာစာပေ ပွဲတော်ကိုလည်း ရန်ကုန်၌ ကျင်းပခဲ့ကြောင်း။

အဆိုပါ စာပေပွဲတော်များ စည်ကားခြင်းသည် မြန်မာလူမျိုးများအနေဖြင့် စာအုပ် စာပေ စိတ်ဝင်စားမှုကို ပြသနေခြင်းဖြစ်ကြောင်း၊ စိတ်ဝင်စားဖွယ်ကောင်းသည့် စာအုပ် စာတမ်းအသစ်များလည်း ထွက်ပေါ်နေရန် လိုအပ်ကြောင်း၊ စာအုပ်အသစ် များများ ထွက်ရှိနေမှုနှင့်အတူ စာအုပ်စာပေအပေါ် စိတ်ဝင်စားမှုများ တိုးပွားလာမည် ဖြစ်ကြောင်း၊ ထို့အတူ စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲများ၊ စာအုပ်ဈေးရောင်းပွဲတော် များကို ယခုကဲ့သို့ မကြာခဏကျင်းပပေးခြင်းဖြင့် စာအုပ်စာပေအပေါ် စိတ်ဝင်စားမှု များလာပြီး အသိပညာများလည်း တိုးတက်လာမည်ဖြစ်၍ ဆက်လက်ကျင်းပသွားနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ နိုဘယ်လ် မြန်မာ စာပေပွဲတော်ကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ လည်းကောင်း၊ ကလေးစာပေ ပွဲတော်ကို မန္တလေးမြို့၌ လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ရိုးရာ ယဉ်ကျေးမှုပွဲတော်များကို လည်းကောင်း ဆက်လက်ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေနှင့်ပတ်သက်သည့် စာတမ်း ၁၄ စောင်မှာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စစ်ပြီးခေတ်ကာလသမိုင်းကို ညွှန်းဆိုနေသော စာတမ်းများ ဖြစ်သည်ကိုတွေ့ရကြောင်း၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးသည် ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အချုပ်ပင် ဖြစ်ကြောင်း၊ စာပေသမားများ အားလုံး၏ တူညီသော ရည်ရွယ်ချက်မှာလည်း  မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပင် ဖြစ်သည်ဟု မြင်ပါကြောင်း၊ တူညီသော ရည်ရွယ်ချက်နှင့် ဆွေးနွေးညှိနှိုင်း စုပေါင်းဆောင်ရွက် ကြခြင်းဖြင့် အောင်မြင်မည်ဟု မြင်ပါကြောင်း၊ စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပခြင်းဖြင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်သူပရိသတ် တိုးပွား လာရေး၊ မြန်မာလူမျိုးများ စာတမ်းများရေးသားသည့် အလေ့အထဖြစ်ပေါ်လာရေး၊ စာတမ်းများကို ဆွေးနွေးသည့် အလေ့အထ ထွန်းကားလာရေး၊ ဆွေးနွေးပွဲများမှ အသိဉာဏ် ဖလှယ်ရယူနိုင်ရေး၊ မြန်မာလူမျိုးများ၏ လူသားအရင်းအမြစ် အရည် အသွေး တိုးတက်တောက်ပြောင်လာရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံလည်းဖွံ့ဖြိုး တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် စာတမ်းဖတ်ပွဲအား ဆက်လက်ကျင်းပရာ သဘာပတိများအဖြစ်  ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊  ဦးအောင်ရှင်(မုံရွာအောင်ရှင်)နှင့် ဦးကျော်နိုင် (ထက်မြက်) တို့က ဆောင်ရွက်ကြပြီး အလှည့်ကျ သဘာပတိ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်) က  စာတမ်းရှင် ဦးခင်မောင်ဌေး(သန်းစိုးနိုင်)နှင့် မိတ်ဆက် ပေးသည်။

ယင်းနောက် စာတမ်းရှင်  ဦးခင်မောင်ဌေး (သန်းစိုးနိုင်) က "စာပေသစ် လှုပ်ရှားမှု (တာရာကိုထွန်းညှိခြင်း) " စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသူများက သိလို သည်များကို မေးမြန်းကြရာ စာတမ်းရှင်က ပြန်လည်ဖြေကြားပြီး  သဘာပတိ များက စာတမ်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ သဘာပတိများအဖြစ် ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးအံ့မောင် (အံ့မောင်-မုံရွာ)နှင့် ဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်) တို့က ဆောင်ရွက်ကြပြီး အလှည့်ကျသဘာပတိ ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ) က  စာတမ်းရှင်  ဦးကျော်နိုင်(ထက်မြက်)နှင့် မိတ်ဆက် ပေးသည်။

ယင်းနောက် စာတမ်းရှင် ဦးကျော်နိုင်(ထက်မြက်)က "မြန်မာစာပေလောက အပေါ် လက်ဝဲစာရေး ဆရာများနှင့် လက်ဝဲစာပေ လွှမ်းမိုးလာမှု" စာတမ်းကို ဖတ်ကြားပြီး တက်ရောက် လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်က ပြန်လည်ဖြေကြားပြီး သဘာပတိများက စာတမ်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေး ကြသည်။

ဆက်လက်၍ သဘာပတိများအဖြစ် ဦးအံ့မောင်(အံ့မောင်-မုံရွာ)၊ ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ)နှင့် ဦးကိုလေး(ကိုလေး-အင်းဝဂုဏ်ရည်)တို့က ဆောင်ရွက်ကြပြီး အလှည့်ကျ သဘာပတိ ဦးအံ့မောင်(အံ့မောင်-မုံရွာ)က စာတမ်းရှင်  ဦးတင်ဝင်းနှင့် မိတ်ဆက်ပေးသည်။

စာတမ်းရှင် ဦးတင်ဝင်း က "မြန်မာနိုင်ငံ ပညာရေးသမိုင်း (၁၉၄၈-၆၂)"စာတမ်း ကို ဖတ်ကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်က ပြန်လည်ဖြေကြားပြီး သဘာပတိများက စာတမ်းနှင့်ပတ်သက်၍ သုံးသပ် ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သဘာပတိများနှင့် စာတမ်းရှင် များအား ဂုဏ်ပြုလက်ဆောင်များနှင့် ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်ကြ သည်။

စာတမ်းဖတ်ပွဲ ဒုတိယနေ့ကို  ဒီဇင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး  စာတမ်းရှင် ဒေါက်တာတိုးလှ က "သမိုင်းနှင့်နိုင်ငံရေး"စာတမ်း၊   စာတမ်းရှင် ဦးအေးချို (မဟာဝိဇ္ဇာ)က "၁၉၄၈ ခုနှစ် လွတ်လပ်ရေးအပေါ် ခေတ်ပြိုင်စာပေ မှတ်တမ်းများ အမြင်" စာတမ်းနှင့်စာတမ်းရှင် ဦးငွေတိုး (အခြေခံပညာ)က" အခြေခံ ပညာရေး ကဏ္ဍကို လေ့လာသုံးသပ်ခြင်း" စာတမ်းတို့ကို  ဖတ်ကြားကြမည်ဖြစ်သည်။

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်း ပွဲတော် ကို ယနေ့မှ ဒီဇင်ဘာ ၄ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ရာ စာတမ်းရှင် ၁၄ ဦး က စာတမ်းပေါင်း ၁၄ စောင် ဖတ်ကြားကြမည်ဖြစ်ပြီး စာအုပ်ဆိုင်ပေါင်း ၂၂၀ ကျော်မှလည်း သုတ၊ ရသစာအုပ်များကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

သတင်း - ရီရီမြင့်၊ ဥမ္မာသန့်

ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment