Friday, December 2, 2016

အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး န၀မနေ့ ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၁

သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး နှင့် စပ်လျဉ်း၍ ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့တို့ကို သင့်လျော်သူများဖြင့် ပြန်လည်ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး သို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားသည်။


အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး Extractive Industries Transparency Initiative (EITI) လုပ်ငန်းအား ဆက်လက်ဆောင်ရွက် အကောင်အထည် ဖော်မှု အခြေအနေအား သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါ အတိုင်း ဖြေကြားသည်။

ထို့ပြင် ဒုတိယ၀န်ကြီးက မြန်မာနိုင်ငံသည် ပထမအကြိမ် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီရင်ခံစာကို အဖွဲ့ဝင်လောင်း နိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂ ရက် နိုင်ငံတကာ EITI ဘုတ် အဖွဲ့သို့  တင်သွင်းနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတကာ ဘုတ်အဖွဲ့၏ စံသတ်မှတ်ချက်အရ တင်းပြည့် အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ဒုတိယအကြိမ် အစီရင်ခံစာအား ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံ တင်သွင်းရမည်ဖြစ်ပြီး နိုင်ငံတကာ ဘုတ်အဖွဲ့၏ ဆန်းစစ် အတည်ပြုခြင်းကို ခံယူရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်တွင် ဖျက်သိမ်းခဲ့သော မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းခွင့်ပြုရန် ဆောင်ရွက်နေစဉ် ကာလအတွင်း EITI လုပ်ငန်းစဉ်များ အရှိန်အဟုန် မပျက်စေရန် ကိန်းဂဏန်း အချက်အလက်များ စာရင်းတိုက်ဆိုင် စစ်ဆေးရေး အစီရင်ခံစာ ရေးသားမည့် Independent Administrator (IA) ငှားရမ်းနိုင်ရန် အတွက် လုပ်ငန်းတာဝန် ၀တ္တရား သတ်မှတ်ချက်များ နှင့်စပ်လျဉ်းပြီး အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက် ကိုယ်စားလှယ်များ ပါဝင်သော ဆပ်ကော်မတီ အစည်းအဝေးများကို ကျင်းပခဲ့ပြီး Myanmar EITI - Multi - Stakeholder Group (MEITI - MSG) သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့ ဖွဲ့စည်းအတည်ပြုရမည် ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် အမှန်တကယ် အကျိုးအမြတ်ခံစားသူကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Beneficial Ownership) လမ်းပြမြေပုံ ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့နှင့် မတူပီမြို့နယ် လိုင်လင်းပီမြို့အကြား ဆမီး - လိုင်လင်းပီ ဆက်သွယ်သည့် ကားလမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ချင်းပြည်နယ် အပါအ၀င် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များ နှစ်အလိုက် စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ချင်းပြည်နယ်အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၆၂၈၁ ဒသမ ၉၅၆ သန်း လျာထားခွင့်ပြုထားပါကြောင်း၊ ဆမီး - လိုင်လင်းပီ ဆက်သွယ်သည့် ကားလမ်းဖောက်လုပ်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွင် လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစောသန်းထွဋ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ တို့၏ စက်မှုဇုန်များနှင့် နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ မေးခွန်း များ နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မြန်မာ့ ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည့် အသစ်ဖြည့်စွက်ချက် အပိုဒ်(၂) အပိုဒ်ခွဲ(င) ပိုင်နက်ပင်လယ်၊ အပိုဒ်ခွဲ(စ) ဆက်စပ်ဇုန်၊ အပိုဒ် ခွဲ(ဆ) သီးသန့်စီးပွားရေးဇုန်၊ အပိုဒ်ခွဲ(ဇ) ကမ်းလွန်ရေတိမ်ပိုင်း တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ကို ပြည်သူ့လွှတ်တော် အတည်ပြုချက် ဇယား(၅)တွင် ပယ်ဖျက်ထားပါကြောင်း၊ အသစ်ဖြည့် စွက်ချက်ဟု ရေးသားဖော်ပြထားသော်လည်း မူလအဆိုပြု ဥပဒေကြမ်းပါ အဓိပ္ပာယ် ဖွင့်ဆို ချက်များကို ဥပဒေရေးထုံးနှင့် ညီညွတ်စေရန် ရွေ့ပြောင်းအမှတ်စဉ် ပြုထားခြင်းသာ ဖြစ်ပါကြောင်း။

မူလဥပဒေကြမ်း၌ ပိုင်နက်ပင်လယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခန်း(၂) အပိုဒ်(၃) အဖြစ်လည်းကောင်း၊ ဆက်စပ်ဇုန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခန်း(၃) အပိုဒ်(၁၆) အဖြစ် လည်းကောင်း၊ သီးသန့်စီးပွားရေးဇုန်၏  အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခန်း(၄) အပိုဒ်(၁၉) အဖြစ်လည်းကောင်း၊ ကမ်းလွန် ရေတိမ်ပိုင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အခန်း(၅) အပိုဒ်(၂၈) အဖြစ်လည်းကောင်း နေရာအသီးသီးခွဲ၍ ဖွင့်ဆိုထား ပါကြောင်း၊ အဆိုပါအဓိပ္ပာယ်ဖွင့်ဆိုချက် များကို ဥပဒေရေးထုံးအရ အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၌ တစုတစည်းထဲ ဖော်ပြသင့်သည့်အတွက် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားသင့် ပါကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက မြန်မာ့ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန် များ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်များကို ဥပဒေ ကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် နိုင်ငံ့ ၀န်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းက ဖတ်ကြားတင်ပြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အတိုင်း နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုဆုံးဖြတ်သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း ကြေညာသည်။


(သူရဇော် - သတင်းစဉ်)

No comments:

Post a Comment