Friday, December 2, 2016

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေး


နေပြည်တော် ဒီဇင်ဘာ ၁

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခ ချုပ်၊ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။


ရှေးဦးစွာ ပါမောက္ခချုပ်မှ တက္ကသိုလ်နှင့် သက်ဆိုင်သည့် အချက်အလက်များအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်  နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအား ဖွဲ့စည်းခဲ့ပြီး လူ့စွမ်းအား အရင်းအမြစ် တိုးတက် မြင့်မားရေး အတွက် ဗဟိုကော်မတီမှ ပေါင်းစပ်ညှိနှိုင်းကာ မူဝါဒများ ချမှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များအတွက် သင်တန်းသား၊ သင်တန်း သူများရွေးချယ်ရာတွင်လည်း မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ စနစ်တကျ တက်ရောက်ခွင့် ပြုခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွဖြင့် အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အဂတိတရားကင်းစင်စွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် အနေဖြင့် နယ်စပ်ဒေသ အသီးသီးမှ တက်ရောက်လာသည့် တိုင်းရင်းသား ကျောင်းသား/ကျောင်းသူ များကို တက္ကသိုလ်ပညာ ရပ်များကိုသာမက ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာရေး၊ တိုင်းရင်းသား ယဉ်ကျေးမှု အစဉ်အလာများ ပိုမို ထိန်းသိမ်းတတ်စေရေး ပညာရပ်များနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ပညာရပ်များကိုပါ လေ့ကျင့်သင်ကြားပေးလျက် ရှိပါကြောင်း မှာကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ နေ့လယ်စာ သုံးဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးကာ ဖွံ့ဖြိုးရေး တက္ကသိုလ်အတွင်းရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများ ဆောက်လုပ် နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေ့လည်ပိုင်းတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (စစ်ကိုင်း) သို့သွားရောက်၍ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ ဌာနမှူးများနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ကျောင်းဝင်းအတွင်းရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေး၍ စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီ ပြီးစီးရေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။


(သတင်းစဉ်)

No comments:

Post a Comment