Sunday, December 25, 2016

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လူမှုအဖွဲ့အစည်းများ ၊ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် ဒီဇင်ဘာ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီး အတွင်းရှိ ပဲခူးမြို့၊ ညောင်လေးပင်မြို့နှင့်‌ ကျောက်တံခါးမြို့တို့တွင် ဒေသခံ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားရာ ပြည်ထောင်စုဝန်ကြီးက “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် မွေးကင်းစမှသည် သက်ကြီး ရွယ်အိုများထိ မသန်စွမ်းသူများပါ မကျန် ထည့်သွင်း စဉ်းစားပြီး ပြည်သူလူထုကို အကာအကွယ်ပေး နိုင်သော အုပ်ချုပ်မှုစနစ် ဖြစ်‌ရေးကို ဆောင်ရွက်နေပါကြောင်း၊ ပြည်သူများ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်မှု အတွက် ငြိမ်းချမ်းမှုက အဓိကကျသဖြင့် နိုင်ငံတော် အနေဖြင့် ဦးစားပေး ဆောင်ရွက် နေပါကြောင်း၊ အလားတူ လူမှု အဖွဲ့အစည်းများသည် သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ တွင်လည်း အစဉ်တစိုက် ပါဝင်ကြပြီး ထိထိ ရောက်ရောက် အကူအညီ ပေးနေတာကိုလည်း သိရှိရပါ ကြောင်း၊ လိုအပ်ချက်များရှိပါက ပူးပေါင်း ညှိနှိုင်း အဖြေရှာခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် အစိုးရသစ်အနေဖြင့် လူမှုအဖွဲ့ အစည်းများကို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် ဆက်လက် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အသင့်ဖြစ် နေကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်မီးရရှိရန် ခက်ခဲသည့် ကျေးရွာများရှိ တက္ကသိုလ် ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/သူများ အသုံးပြုရန်အတွက် ဆိုလာမီးအိမ် စုစုပေါင်း (၇၅ဝ) လုံးကို ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
တွေ့ဆုံပွဲ အခမ်းအနားများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ သတင်း အချက်အလက်များ ရယူပေးပို့နိုင်သော Kobo Collect Application နှင့် DAN Myanmar Mobile Application တို့ အသုံးပြုပုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများ၏ လက်ကိုင်ဖုန်းများသို့ Application များကို ထည့်သွင်းပေးခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ အတတ်သင် သိပ္ပံကျောင်း၌ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ (မခမမ)၊ ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ)မှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းလွင် ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံပြီး လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လျက် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ (သတင်းစဉ်)

No comments:

Post a Comment