Friday, December 2, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး န၀မနေ့ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၁

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး န၀မနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။


အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ လှိုင်မြို့နယ် ၁၂ ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ ဘာတာဈေးနှင့် လှိုင်မြို့နယ် မီးသတ်ဦးစီးဌာန အဆောက်အဦကြားရှိ စက်မှုဝန်ကြီးဌာနပိုင် မြေနေရာတွင် ယခင်အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သော အဆောက်အဦ တစ်လုံး၊ ယခုဆောက်လုပ်ရန် ပြင်ဆင်နေသော မြေကွက်လပ်၊ ယခင် အစိုးရလက်ထက်က ငှားရမ်းထားသော Planets Zone Beer ဆိုင်၊ ဖုန်းပစ္စည်း အရောင်းဆိုင် နှစ်ဆိုင်၊ KLK အ၀တ်အထည်ဆိုင် နေရာများကို မူလ တည်ရှိခဲ့သော ကလေးကစားကွင်းနှင့် ပန်းခြံပြုလုပ်ရန်အတွက် အများပိုင်မြေနေရာ အဖြစ် ပြန်လည်ပေး အပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အဆိုပါမြေနေရာများအား Planets Zone နှင့် Global Summint ကုမ္ပဏီလီမိတက်တို့ ငှားရမ်းရာတွင် တစ်နှစ်တစ်ကြိမ်စာချုပ် ချုပ်ဆို၍ နှစ်စဉ်ငှားရမ်းခအား အနည်းဆုံး ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထက်အထိ တိုးမြှင့်သတ်မှတ်ပေးဆောင် စေခဲ့ပြီး ဘဏ္ဍာရေးနှစ်အလိုက်ငှားရမ်းခငွေများကို နိုင်ငံတော် သို့ပေးသွင်းလျက်ရှိပါကြောင်း၊ ဥပဒေနှင့် မညီ၊ မလျော်ကန်သော ဆောင်ရွက်ချက်များကို တစ်နှစ်တစ်ကြိမ် သက်တမ်းကာလအတွင်း တားမြစ်နိုင်ပါကြောင်း။

သို့ပါ၍ အဆိုပါ မြေနေရာများသည် စက်မှုဝန်ကြီးဌာနပိုင် အမည်ပေါက်ရရှိပြီး ဖြစ်ခြင်း၊ ကုမ္ပဏီများသို့ ၁၀ နှစ်ငှားရမ်းထားပြီးဖြစ်ခြင်းနှင့် ငှားရမ်းခများကိုလည်း နိုင်ငံတော်သို့ ပေးသွင်းလျက်ရှိခြင်း တို့ကြောင့် ကလေးကစားကွင်းနှင့် ပန်းခြံပြုလုပ်ရန် အတွက် အများပိုင်မြေနေရာအဖြစ် ပြန်လည် ပေးအပ်နိုင်ခြင်း မရှိပါကြောင်းနှင့် ဥပဒေနှင့်မညီသော ကျူးကျော် တည်ဆောက်ထားသည့် မြေနေရာများကို နိုင်ငံတော်၏ မြေအဖြစ် ပြန်လည်ရယူသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၏ တန့်ယန်းမြို့နယ် မန်ကျောင်းရွာအနီး ဆွတ်တီးချောင်းပေါ်ရှိ ရေလှောင်တမံအား လုံလောက်သော ရေပိုလွှဲမြောင်းများ ထည့် သွင်းတည်ဆောက်ပေးရေး မည်ကဲ့သို့ဆောင်ရွက်ပေးမည်နှင့် နှစ်စဉ်ဆုံးရှုံး နစ်နာသော တောင်သူများအား မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွတ်တီးချောင်းပေါ်တွင် တည်ရှိသော ရေလှောင်တမံမှာ ကွန်ကရစ်တမံတစ်ခုဖြစ်ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသည့်ဆည် မဟုတ်ပါကြောင်း၊ မန်ပန်ပြည်သူ့ စစ်အဖွဲ့မှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်၍ လွန်ခဲ့သော ၈ နှစ်ခန့်က တည်ဆောက်ခဲ့ပြီး ယနေ့ အချိန်အထိ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ခြင်း မရှိပါကြောင်း။

တမံ၏ လက်ဝဲ၊ လက်ယာအစွန်း တောင်ကုန်းများသည် တောင့်တင်းခိုင်မာ မှုမရှိခြင်း၊ ဒီဇိုင်းပုံစံ ကျဆောင်ရွက်ထားခြင်းမရှိခြင်းတို့ကြောင့် နောင်ရေရှည်တွင် တမံ၏ လုံခြုံစိတ်ချနိုင်မှု အတွက် စိုးရိမ်ရသော အခြေအနေရှိသဖြင့် ထပ်မံ၍ ရေပိုလွှဲထည့်သွင်း တည်ဆောက်ရန် မသင့်လျော် ပါကြောင်း၊ တမံရေ၀ပ် ဧရိယာအတွင်း စိုက်ပျိုးလျက် ရှိသည့် လယ်မြေများ ရေကြီးနစ်မြုပ်မှု ရှိနေသည့်အတွက် နစ်နာနေသော တောင်သူများ ဘက်မှ ဦးစားပေးစဉ်းစား၍ ဆောင်ရွက်မည်ဆိုပါက ကွန်ကရစ်တမံမှ ရေဆက်လက် ထိန်းသိမ်းသိုလှောင်မှုမပြုဘဲ ဆွတ်တီးချောင်းရေကို နိုင်နင်းစွာ လွှဲပေးနိုင်ရန်အတွက် လက်ရှိကျိုးပေါက်နေသည့် အစွန်းတောင်ကုန်းများနေရာမှ လုံလောက်သည့် အကျယ်ရှိသော ရေလွှဲမြောင်း ဖောက်လုပ်ပေးရမည်ဖြစ်ပါကြောင်း။

အဆိုပါ တမံတည်ဆောက်ထားသည့် ဧရိယာမှာ နယ်မြေလုံခြုံရေး ကန့်သတ် ချက်ရှိသည့်အတွက် ဌာနအနေဖြင့် တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားရမည့်လုပ်ငန်း စဉ်ဖြစ်ပြီး ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် နည်းပညာအကူ အညီများပေး၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း၊ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းတို့၏ မေးမြန်းချက် များကိုလည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်ချိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူတို့က ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် ဖောင်းပြင်မဲဆန္ဒနယ် ဦးထွန်းဝေက နိုင်ငံတစ်ဝန်း စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေ ပုဒ်မ ၄၅ အရ ခွင့်ပြုခဲ့သည့် သစ်တောမြေများအား အဆိုပါနည်းဥပဒေနှင့်အညီစိစစ်ပြီး နည်းဥပဒေပါ စည်းကမ်းချက် များနှင့်မညီညွတ်သော လုပ်ကွက်မြေဧရိယာများအား နည်းဥပဒေပုဒ်မ ၅၇ အရ နိုင်ငံတော်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေများအဖြစ် ပြန်လည်ရုပ်သိမ်း၍ သဘာဝနည်းလမ်း များဖြင့် သစ်တောပြုစုပျိုးထောင်ခြင်းကို ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ ကြောင်း ဆုံးဖြတ်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား လွှတ်တော်၏ အဆုံး အဖြတ်ရယူ အတည်ပြုသည်။


(သတင်းစဉ်) 

No comments:

Post a Comment