Friday, December 23, 2016

မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ အမှတ် (၂၁၀) အခြေခံမူလတန်းကျောင်း၌ ချယ်ရီစာကြည့်တိုက် ဖွင့်ပွဲ ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာလ ၂၃
မိတ္ထီလာမြို့နယ် ထမုန်ကန်အုပ်စု ဥယျာဉ်ကုန်းကျေးရွာ အမှတ်(၂၁၀)အခြေခံမူလတန်းကျောင်း၌ ချယ်ရီစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦးရှေ့၌ မြို့နယ်ပညာရေးမှူး (ယာယီတာဝန်ခံ) ဦးအောင်သောင်းနှင့် အဆောက်အဦးအလှူရှင် ဂျပန်နိုင်ငံမှ Mr.TAKAO YAMAMOTO တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားကို အဆိုပါကျောင်းဝန်အတွင်း၌ ကျင်းပရာ မြို့နယ်ပညာရေးမှူး (ယာယီတာဝန်ခံ) ဦးအောင်သောင်းမှ အမှာစကား ပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးမွတ်တားမှ ဝမ်းသာပီတိစကား ပြောကြားခဲ့သည်။
ထို့နောက် အဆောက်အဦးအလှူရှင် ဂျပန်နိုင်ငံမှ Mr.TAKAO YAMAMOTO တို့မှ ပြောကြားရာ မြန်မာနိုင်ငံကို လာရောက်လှူဒါန်းရတာ ဝမ်းသာပီတိဖြစ်ရကြောင်း၊ ဒီကျောင်းကို လာရောက်လှူဒါန်းတာ ပထမအကြိမ် မဟုတ်ဘဲ ၂၀၀၅ ခုနှစ် မှစတင်ပြီး အောင်ဆန်းရပ်ကွက်ရှိ မျက်မမြင်ပရဟိတကျောင်း၊ ညောင်ကိုင်းကျေးရွာရှိ မိဘမဲ့ကျောင်း၊ ရုံးတောကြီးကျေးရွာရှိ မူလတန်းကျောင်း၊ ဥယျဉ်ကျေးရွာရှိ မူလတန်းကျောင်း၊ တောမကျေးရွာရှိ သီလရှင်ကျောင်း၊ အင်ပင်ဝကျေးရွာရှိ မူလတန်းကျောင်းတွင်လည်ကောင်း အသီးသီး လိုအပ်ချက်များကို လှူဒါန်းခဲ့ပါကြောင်းနှင့် ဥယျာဉ်ကုန်းကျေးရွာ အမှတ်(၂၁၀)မူလတန်းကျောင်းတွင် စာသင်ကျောင်းဆောင်အား ၂၀၀၈ ခုနှစ်က စတင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျောင်းလိုအပ်သည့် ပရိဘောဂများ၊ စာသင်ခုံများကိုလည်း စဉ်ဆက်မပြတ် လှူဒါန်းပေးခဲ့ပါကြာင်းနှင့်   ကျောင်းစာကြည့်တိုက်ဖွင့်လှစ် နိုင်ရေးအတွက် စာကြည့်ခုံ၊ စာအုပ်စင်၊ အခင်းများကိုလည်း ထပ်မံလှူဒါန်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်း လှူဒါန်းနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျေးရွာရှိ အလင်းရောင်စာကြည့်တိုက် အဆင့်မြှင့်တင်နိုင်ရန် ငွေကျပ်(၅၀၀၀၀၀)သိန်းလှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ခိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များကို ကျောင်းသား ကျောင်းသူလေးများက အကများဖြင့် ဖျော်ဖြေခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်ကို ဖွင့်လှစ်ရခြင်းမှ ၎င်းကျောင်း၌ ပညာသင်လျက်ရှိသည့် ကျောင်းသား ကျောင်းသူ (၇၀)ဦး တက်ရောက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများ ကျောင်းစာတွင် သာမက ပြင်ပဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍  ဂျပန်နိုင်ငံမှ Mr.TAKAO YAMAMOTO မှာ လှူဒါန်းသည့် အလျား(၃၀)ပေ၊ အနံ ၂၀ ပေ ရှိ နံကပ်၊ သွပ်မိုးအဆောင်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့သည်။

မိတ္ထီလာ (ပြန်/ဆက်)

No comments:

Post a Comment