Tuesday, December 27, 2016

ခရမ်းချဉ်များ လှိုင်လှိုင်ပေါ်၍ ဈေးနှုန်းကျဆင်းသဖြင့် တောင်သူသင့်တင့်သော အကျိုးအမြတ်သာ ရရှိ

စစ်ကိုင်း ဒီဇင်ဘာ ၂၇
စစ်ကိုင်းမြို့နယ်မှ ဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်ပြီဖြစ်၍ ဈေးကွက်အတွင်း အပြိုင်ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းကျဆင်းလာသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ သင့်တင့်သော အကျိုးအမြတ်သာ ရရှိကြကြောင်း ခရမ်းချဉ် ဈေးကွက်မှ သိခဲ့ရသည်။                           
ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် ထိုင်ဝမ် (အချို)သီးနှင့် ဒေသထွက်(အချဉ်)သီး နှစ်မျိုးရှိပြီး ခရမ်းချဉ်အချိုသီးမှာ ဘောင်ပြုလုပ်၍ တိုင်ထောင်ရေပေးသွင်းစိုက်ရကာ ရေရရှိပါက ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်း ဒေသထွက် အချဉ်သီးမှာ ဝါခေါင်နှင့် တော်သလင်းလများတွင် ရာသီဥတု အခြေအနေကိုကြည့်၍ မြို့နယ်အတွင်းရှိ ကျေးရွာဖြစ်သည့် ရေတွင်းကောင်း၊ ပန်းချီ၊ ဆားတောင်၊ ကျားမင်းကြီး၊ မာလဲတော စသည့်ကျေးရွာများတွင် အထူးသဖြင့် စိုက်ကြသလို  စိုက်ပြီးနှစ်လခွဲဆို အိမ်မိသားစုအတွက် ဟင်းစားရပြီ သုံးလပြည့်ပါက ရောင်းရန် ခူးဆွတ်နိုင်ပြီဖြစ်၍ ဝင်ငွေရပြီး စောစော ပေါ်ပါက အမြင့်ဈေး ရရှိနိုင်သည့်အတွက် အားထားစိုက်ခဲ့ကြရာ ပြီးခဲ့သည့် မိုးနှောင်းမှာ မိုးများခဲ့ခြင်းနှင့်  အဖူးအဖွင့်နှင့် သီးကင်းများရှိနေချိန် ဆောင်းရာသီအစပိုင်းမှာ နှင်းခါးများကျခဲ့သဖြင့် ရာသီဥတု ဖျက်သည့်အထဲမှ ကျန်တာရရှိသည်ကို ခရမ်းချဉ်လာရောင်းသူတစ်ဦးထံမှ သိခဲ့ရသည်။
ကျွန်တော်တို့ရွာမှာ ဒေသထွက်ခရမ်းချဉ်ကို စိုက်ပျိုးရာတွင် ရာသီဥတုနှင့်ကိုက်ညီပြီး ကံကောင်းမှရတာဖြစ်လို့ ကံရမ်းချဉ်ဟု ခေါ်ကြကြောင်း၊ ဒီနှစ်အချဉ်သီး ကနဦးပေါ်သူများ တစ်ပိဿာ ကျပ်နှစ်ထောင့်ငါးရာအထိ ရခဲ့ကြပြီး ယခု လှိုင်လှိုင်ပေါ်ချိန်မှာတော့ ဒီဇင်ဘာ(၂၇) ရက်နံနက်ပိုင်း စစ်ကိုင်းဈေးကွက်မှာ အချိုသီးတစ်ပိဿာကို အလုံး အရွယ်အစား လိုက်၍ ကျပ်တစ်ထောင့်နှစ်ရာမှ တစ်ထောင့်သုံးရာအတွင်း ဒေသထွက်အချဉ်သီးမှာလည်း သီးလုံး အရွယ်အစား အလိုက် ကျပ်ကိုးရာမှ ကျပ်တစ်ထောင့်တစ်ရာအထိ ပေးဝယ်ကြကြောင်းကို နောက်ရက်ဆိုရင် ပြိုင်တူပေါ်သောကြောင့် ကျဈေးဘက်ရောက်ရှိမှာ ဖြစ်ကြောင်း တောင်သူများ သင့်တင့်သော အကျိုးအမြတ်သာ ရရှိကြကြောင်း ရေတွင်းကောင်း ကျေးရွာမှ ဦးစိန်လင်းက ပြောပြခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment