Thursday, December 15, 2016

စားသုံးသူအကာအကွယ်ပေးရေး နှီးနှောဖလှယ်ပွဲ ယင်းမာပင်မြို့တွင်ကျင်းပ

ယင်းမာပင် ဒီဇင်ဘာ ၁၅
စားသုံးသူရေးရာဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးက ကြီးမှူးကျင်းပသည့်  စားသုံးသူအကာ အကွယ်ပေးရေး   နှီးနှော ဖလှယ်ပွဲကို   စစ်ကိုင်းတိုင်းဒေသကြီး  ၊  ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  သာယာအေး ခန်းမတွင်  ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။



ရှေးဦးစွာ ယင်းမာပင်ခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဥက္ကဌ ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးအောင်ဇော်လတ် ၊  တိုင်းဒေသကြီးလွှတ်တော်  အမှတ်(၂)မဲဆန္ဒနယ်မြေ   လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီတို့က  အဖွင့်အမှာစကား ပြောကြားကြသည်။
ဆက်လက်ပြီး  စာသုံးသူရေးရာဦးစီးဌာန   ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဝင်းနှင့် ခရိုင်ဦးစီးမှူး ဦးသန်းပိုတို့က စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ၊ စားသုံးသူအငြင်းပွားမှု ဖြရှင်းရေးအဖွဲ့ဝင်များဖြစ်သည့်  ခရိုင်ဥပဒေ အရာရှိ  ဒေါ်ယဉ်ယဉ်အေးက စားသုံးသူအကာ အကွယ်ပေးရေးဥပဒေအကြောင်း ၊  ခရိုင်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့်(၁)ဦးစောလှိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး  ဒေါက်တာအေးအောင်တို့က အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ပြုံးမို့လွင်သိန်းက အစားအစာနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ခင်ခင်အေးက စိုက်ပျိုးရေးသုံး ဆေးဝါးများနှင့် အန္တရာယ်ရှိမှု  စသည်တို့အား  ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေး ပညာပေးကြသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာများမှ ထုတ်လုပ်သူများ၊ စားသုံးသူများက ဆွေးနွေးရှင်းလင်းမှုများအပေါ် ပြန်လည်မေးမြန်း ဆွေးနွေးကြရာ “ကျမတို့ဒေသမှာ ငှက်ပျောသီးစားခြင်လို့ဝယ်မယ်ဆိုရင် ဘယ်တော့မှအရသာရှိတဲ့ စားကောင်းတဲ့ ငှက်ပျောသီးမရနိုင်တော့ဘူး ၊ အားလုံးက  တို့ဆေးသုံးပြီး ရင့်မှည့် အောင်လုပ်ကြတယ် ၊ ကျမတို့ငယ်တုန်းကဆို စပါးခွံမီးနဲ့ မြေတိုက်ထဲမှာ အုပ်ပြီးမှ ရောင်းတာဆိုတော့ အန္တရာယ်မဖြစ်နိုင်ဘူး၊ ဒီလိုပါဘဲ ပစ္စည်းရောင်းသူအားလုံးက သူတို့ပစ္စည်း အမြန် ရောင်းပြီး အမြန်ပိုက်ဆံရဖို့ တစ်ခုတည်းကိုကြည့်ပြီး ထုတ်လုပ်နေကြတာ၊ ဒါကြောင့် ဒီလိုဖြစ်ရပ်လေးတွေ ရပ်တန်းကရပ်ပြီး  ပစ္စည်းမှန် ဈေးမှန်နဲ့ စားသုံးသူများ  အန္တရာယ်မဖြစ်ရေးအတွက်  အခုလို ပညာပေး ဆွေးနွေးမှုမျိုးကို  ကျေးရွာတွေအရောက် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးသင့်ပါတယ် “ စသည်ဖြင့် ပြန်လည်ဆွေးနွေးမေးမြန်းခြင်းကဏ္ဍတွင်  ထည့်သွင်းဆွေးနွေး မေးမြန်းကြရာ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ဝင်များက  ပြန်လည်ရှင်းလင်းဖြေကြားကြပါသည်။
စားသုံးသူအကာအကွယ်ပေးရေး နှီးနှောဖလှယ်ပွဲသို့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ထုတ်လုပ်သူ/ စားသုံးသူများ တက်ရောက်ကြကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ပြန်/ဆက်

No comments:

Post a Comment