Tuesday, December 27, 2016

မြန်မာ-ထိုင်း- လာအို သုံးနိုင်ငံ နယ်စပ်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး

တာချီလိတ်   ဒီဇင်ဘာ ၂၇
မြန်မာ-ထိုင်း- လာအို  သုံးနိုင်ငံ နယ်စပ်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ  ညှိနှိုင်းဆွေးနွေးမှုကို ဒီဇင်ဘာ ၂၅ ရက်၊ နံနက်က  ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ချင်းခေါင်မြို့၊  Fortune  River View ဟိုတယ်ရှိ  အစည်း အဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                  
အဆိုပါ အခမ်းအနားသို့  ထိုင်းနိုင်ငံ၊ ချင်းခေါင်မြို့နယ်အုပ်ချုပ်ရေးမှူး Mr.Thutchanai sputa poot ဦးဆောင်သည့်ကိုယ်စားလှယ်များ၊    မြန်မာနိုင်ငံမှ   လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ  ရဲမှူး  ရင်ရင်အေး  ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့များ၊   လာအိုနိုင်ငံမှ  ခရိုင်ရဲမှူးကြီး Guysom Sing Wichai ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့်   Mekong sub-Regional Countries  ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ JICA မှ Chief Advisor  Shioko Momose တို့ တက်ရောက်သည်။    
ရှေးဦးစွာ ထိုင်းနိုင်ငံမှ အဖွဲ့ခေါင်းဆောင်  ချင်းခေါင်မြို့အုပ်ချုပ်ရေးမှူး   က အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားပြီး၊  သုံးနိုင်ငံကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ကာ အဖွဲ့ခေါင်းဆောင် များက  ၂၀၁၆ ခုနှစ် အတွင်း  လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုများအား  ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ ဒီဇင်ဘာ ၂၆ ရက်နေ့၊ နံနက်ပိုင်း တွင်        သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်နှင့် လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ခြင်း၊ စက်ဘီး စီးနင်းခြင်း၊ စက်လှေမောင်းနှင်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ပြီး၊  ချင်းခေါင်မြို့ That  Lyar Bath လှေဆိပ်တွင် ကျင်းပရခြင်း ရည်ရွယ်ချက်များကို  အခမ်းအနားဖြင့်  တာဝန်ရှိသူက  ရှင်းလင်းပြောကြားသည်။                           
အဆိုပါ မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ နယ်စပ်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာညှိနှိုင်းဆေးနွေးပွဲမှ ၂၀၁၇ခုနှစ်အတွင်း   လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို  သုံးနိုင်ငံ က    တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန်၊ ရွှေ့ပြောင်းလုပ်သားများ   လူကုန်ကူးခံရမှုများ လျော့နည်းကျဆင်းရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ရွှေ့ပြောင်းလုပ် သားများနှင့်  မိသားစုဝင်များ ကျန်းမာရေး နှင့် နေထိုင်ရေး အဆင့်မြင့်မားရေးဆောင်ရွက်ပေးရန်၊ အစိုးရမှ ပြဋ္ဌာန်း ထားသည့်  ဥပဒေများအား  ရွှေ့ပြောင်းလုပ်သားများ သိရှိနိုင်ရေး ဖြန့်ဝေဆောင်ရွက်ပေးရန်၊   လူကုန်ကူးမှုများအား ဥပဒေနှင့်အညီ ပြစ်ဒဏ်ရရှိရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ရွှေ့ပြောင်းလုပ်သားများ နေထိုင်သွားလာမှု စနစ်တကျ ဖြစ်စေရေးနှင့်  ဥပဒေနှင့်အညီ နေထိုင်သွားလာစေရေး ပညာပေးဆောင်ရွက်ရန်၊   ထိုင်းနိုင်ငံရှိ  လုပ်ငန်းရှင်များက အလုပ်သမားလိုအပ်ပါက လျှောက်ထားနိုင်ရေး  One Stop  Service ကို နိုဝင်ဘာလ မှစတင်ကာ  မယ်ဆိုင်မြို့ရှိ ကားဝင်းအတွင်း  ဖွင့်လှစ်ထားရှိကြောင်း ဒေသအလိုက်ကြော်ငြာခြင်းများ ဆောင်ရွက်ပေးရန်၊ နိုင်ငံအလိုက်  ဥပဒေ ပြဋ္ဌာန်းချက် ပြင်ဆင်ပြောင်းလဲမှုရှိပါက  အပြန်အလှန် ဆက်သွယ်အကြောင်းကြားပေးရန် နှင့် တရားမ၀င်ဝင်ရောက် နေမှုများအား  တရားဝင်ဖြစ်ရေး  ကူညီဆောင်ရွက်ပေးရန် စသည့်အချက်များကို ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                                                                                      

တာချီလိတ် (ပြန်/ဆက်)

No comments:

Post a Comment