Tuesday, December 27, 2016

မန္တလေးမြို့ရှိ ကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင် ကုသိုလ်တော်ဘုရားကျောက်စာများအား ပြည်တွင်းပြည်ပခရီးသွားများ လာရောက် လေ့လာမှုများပြား

မန္တလေး ဒီဇင်ဘာ ၂၇
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင်ကုသိုလ်တော်ဘုရား ကျောက်စာများအား ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

“ယခုအချိန်က ခရီးသွားရာသီဆိုတော့ ကုသိုလ်တော်ဘုရားမှာ ခရီးသွားတွေ လာရောက်လေ့လာမှုများပြား လျက်ရှိပါတယ်၊ ကျောက်စာများသည် ၁၉ ရာစု မြန်မာနိုင်ငံ၏ အကြောင်းအရာအမျိုးမျိုးကို ဖော်ပြနေခြင်း၊ ကမ္ဘာတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက် သောသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများကိုဖော်ပြနေခြင်း၊ တန်ဖိုးရှိသည့် မှတ်တမ်းအချက် အလက်များဖော်ပြနေသည့်အတွက် ထင်ရှားသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်းနှင့် မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းသမိုင်းကြောင်းများ ဖော်ပြလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးရာများ၊ လူမှုနိုင်ငံရေး၊ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံရေးနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာကဏ္ဍများ၊ ဓလေ့အစဉ်အလာများကို ထင်ဟပ်ပြသလျက်ရှိကြောင်း” ကုသိုလ်တော်ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။
ကုသိုလ်တော်ဘုရားကြီးသည် ပိဋိကတ်သုံးပုံ ပါဋ္ဌိတော် ကျောက်စာပေါင်း (၇၂၉) ချပ်ရှိပြီး  မာတိကာအလိုက် ပိဋိကတ်သုံးပုံ ကျောက်စာများမှာ သုတ္တန် (၃) ကျမ်း ကျောက်စာ (၄၁၀) ချပ်၊ ၀ိနည်း (၅) ကျမ်းကျောက်စာ (၁၁၁) ချပ်၊ အဘိဓမ္မာ (၇) ကျမ်းကျောက်စာ (၂၀၈) ချပ်ရှိသည်။ ဘုရားဝန်းအတွင်း၌ ကျောက်စာတစ်ချပ်လျှင် ဓမ္မစေတီတစ်ဆူနှုံးဖြင့် တစ်ဆယ့်သုံးဧက ကျယ်ဝန်းသော စေတီပရ၀ုဏ် သုံးထပ်အတွင်း စိုက်ထူထားသည်။ အဆိုပါကျောက်စာများကို မြန်မာသက္ကရာဇ် (၁၂၂၂) ခုနှစ် တွင် စတင်ထွင်းထုခဲ့ရာ (၁၂၃၀) ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ကုသိုလ်တော်ဘုရား ကျောက်စာချပ်များကို Memory of the World စာရင်းသို့ (၂၀၁၂) ခုနှစ်၊ မတ်လ (၃၁) ရက် တင်သွင်း ခဲ့ပြီး အဆိုပါအမွေအနှစ်ကို တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့တွင် ၂၀၁၃ ခုနှစ် ဇွန်လ (၁၈ရက် မှ ၂၁ ရက်ထိ) ကျင်းပပြုလုပ် သည့် အစည်းအဝေး၌ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova က သဘောတူ အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် UNESCO Memory of the World စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

သန်းဇော်မင်း (ပြန်/ဆက်)

No comments:

Post a Comment