Monday, December 5, 2016

အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကျင်းပ


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၏ ရေးမြို့နယ် မြောက်ပိုင်းရှိ တောင်ဘုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ အန္တရာယ်ရှိ ကျောင်း ဆောင်ကို ဖျက်သိမ်း၍ ပေ ၁၂၀ × ၃၀ ရှိသည့် RC နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် အသစ်ဆောက်လုပ်ပေးရန် နှင့် မော့ကနင်းကျေးရွာ အခြေခံပညာ အထက် တန်းကျောင်းရှိ ကျောင်းဆောင်ဟောင်းကို အကြီးစား ပြင်ဆင်မှု ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက တောင်ဘုံ ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းဆောင်သစ် တစ်ဆောင် ဆောက် လုပ်ပေးရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မော့ကနင် ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်ရှိ ဗညားဒလ ဆောင်(ကျောင်းဆောင်ဟောင်း)အား အကြီး စား ပြင်ဆင်နိုင်ရန် အတွက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယအကြိမ် ခွဲဝေပေး မည့် ပြင်ဆင်ထိန်းသိမ်းစရိတ် ခေါင်းစဉ် အောက်တွင် ဦးစားပေးအစီအစဉ်ရ စိစစ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ တက္ကသိုလ်ကောလိပ် ဆရာ၊ ဆရာမများကို လက်ထောက် ကထိက ရာထူးတိုးမြှင့်ရာတွင် မည်သည့်နည်းလမ်း၊ သတ်မှတ်ချက်များဖြင့် ရာထူးတိုးမြှင့်ပေးသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ကို ပူးပေါင်းပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဌာန နှစ်ခု၏ မူဝါဒများ တစ်ပြေးညီ ဖြစ်ရန်အတွက် ကဏ္ဍအလိုက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာထူးပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း တို့အတွက် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအတိုင်း ရာထူးတိုးမြှင့် ဆောင်ရွက် ခဲ့ပါကြောင်း၊ နောင်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၅၈ ခု၏ နည်းပြ၊ သရုပ်ပြ ရာထူး တိုးမြှင့်ရေးနှင့် လက်ထောက် ကထိက ရာထူးတိုးမြှင့်ရေး ကိစ္စရပ်များကို နိုင်ငံ့ ၀န်ထမ်းနည်းဥပဒေများအတိုင်း လုပ်သက် ၃ နှစ်ပြည့်ပြီး သူများကို တစ်ပြေးညီ မူ တစ်ခုတည်း ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အခြားဆက်စပ် ၀န်ကြီးဌာနများနှင့် ပူးပေါင်း ညှိနှိုင်း စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ ချောင်းဆုံမြို့နယ်အတွင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်၊ ဥပဓိရုပ် မကောင်းသည့် ကျောင်းဆောင်နှင့် တိုးချဲ့ကျောင်းဆောင် များအား အသစ်ပြန်လည် တည်ဆောက်ပေးခြင်း၊ တိုးချဲ့တည် ဆောက်ပေးခြင်းတို့ ဆောင်ရွက် ပေးရန်နှင့် လစ်လပ်လျက်ရှိသော ဆရာ၊ ဆရာမများအား ပြန်လည်အစားထိုး ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ချောင်းဆုံမြို့နယ် အတွင်းမှ ရုံးတစ်ရုံးနှင့် အခြေခံပညာကျောင်း ၁၄ ကျောင်းအနက်မှ အပြိုင်ကျေးရွာ မူလတန်း ကျောင်း၊ အောက်ဇီးကုန်းကျေးရွာ မူလတန်းကျောင်း၊ နှီးမှုတ်ကျေးရွာ အလယ်တန်းကျောင်း၊ ဇီးကုန်းသစ်ကျေးရွာ မူလတန်းကျောင်း၊ ဒရယ်ကျေးရွာ မူလတန်းကျောင်း၊ မြို့မ မူလတန်းလွန် ကျောင်း၊ တော်ပကောက်ကျေးရွာ မူလတန်းကျောင်း၊ ဒေါက်ရပ် (အနောက်)ကျေးရွာ အလယ် တန်းကျောင်း(ခွဲ)၊ မုရစ်ကြီးကျေးရွာ မူလတန်းလွန်ကျောင်းနှင့် မြို့နယ်ပညာရေး မှူးရုံးများတွင် အဆောင်သစ်များ ဆောက်လုပ်ပေးရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ခေါင်းစဉ်အောက်တွင် ရန်ပုံငွေထည့်သွင်း လျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသော အခြေခံပညာကျောင်း ၅ ကျောင်းကို လာမည့်ဘဏ္ဍာရေး နှစ် အဆောက်အဦများ စိစစ်ချိန်တွင် မြို့နယ်/ ကျောင်း အလိုက် ဦးစားပေးစိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်၏ မြန်မာနိုင်ငံ တစ်ဝန်းတွင် တက္ကသိုလ်ဝင် တန်းကို ဂုဏ်ထူးများစွာ အမှတ်ပေါင်းများစွာဖြင့် အောင်မြင်ခဲ့သော် လည်း မိမိအရည်အချင်း နှင့်ကိုက်ညီ၍ မိမိဝါ သနာပါရာ အဆင့်မြင့်တက္ကသိုလ်များသို့ မတက် ရောက်နိုင်သော အလွန်ဆင်းရဲသည့် တောင်သူလယ်သမားများ၊ အလုပ် သမားများ၏ သားသမီး များအား နိုင်ငံတော်မှ ပညာသင်စရိတ် ထောက်ပံ့ကြေးပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်  လက်ရှိ ဆောင်ရွက်ပေးနေသော ပညာသင်ဆုကြေး ပမာဏနှင့် အရေအတွက် တို့ကို တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့်ပညာ ဦးစီးဌာနအနေဖြင့် ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ်ပညာသင်ကြားရန် အခက်အခဲရှိသူများ အား ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်အတွက် ပထမနှစ် နေ့သင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ၏ ၁၀ ရာခိုင်နှုန်းအား နိုင်ငံတော်ဘဏ္ဍာငွေမှ ခွဲဝေရရှိသည့် ခွင့်ပြုရန်ပုံငွေအရ ပညာသင်ထောက်ပံ့ကြေး တစ်ဦးကို တစ်လလျှင် ငွေကျပ် သုံးသောင်းစီဖြင့် ပညာသင်နှစ် တစ်နှစ်လျှင် ၁၀ လအတွက် ငွေကျပ် ၃ သိန်းစီ ချီးမြှင့်ပေးခဲ့ပါကြောင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်များ အတွင်းရှိ မြို့နယ်အလိုက် ပညာသင်ထောက်ပံ့ကြေးပေးရန် ၈၃၈၂ ဦးအား လျာထားခဲ့ပါကြောင်း၊ ပညာသင်ထောက်ပံ့ ကြေးပေးရန် အတွက် လိုအပ်သော စိစစ်မှု များကို ဆောင်ရွက်ရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ စိစစ်ရွေးချယ်ပေး ပိုမှုအရ ၂၈၁၄ ဦး ချီးမြှင့်ပေးအပ်နိုင်ခဲ့ပါကြောင်း။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် တက္ကသိုလ်ဝင်စာမေးပွဲ တွင် သိပ္ပံဘာသာတွဲ၌ အမှတ် အများ ဆုံးရရှိသူ၊ ၀ိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူနှင့် ၀ိဇ္ဇာ + သိပ္ပံဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ စုစုပေါင်း ၁၀၀ ဦးရှိပြီး ၎င်းတို့ကို တက္ကသိုလ် ပညာသင်ဆုအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ခွဲဝေရရှိသော ခွင့်ပြုရန်ပုံငွေ အရ တစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သိန်းစီဖြင့် ပညာသင်နှစ် တစ်နှစ်လျှင် ၁၀ လအတွက် ငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးခဲ့ပြီး ဖြစ်သည့်အတွက် လက်ရှိပေးနေသော ငွေကြေးပမာဏနှုန်းထား အတိုင်းသာ ဆက်လက်ပေး အပ်သွား မည်ဖြစ်ပါကြောင်း၊ ခွင့်ပြုဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေးတို့၏ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးက ဥပဒေရေးထုံးညီညွတ်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်တိကျရေး အတွက် ဆွေးနွေးပြောကြားရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေ ကြမ်း ကော်မတီတွင် ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကို ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပ သွားရန်လျာထားကြောင်း သိရသည်။
(သူရဇော် - သတင်းစဉ်)


No comments:

Post a Comment