Thursday, December 29, 2016

ဆောင်းမြေပဲ (ဆင်းပဒေသာ-၁၁) မျိုးစေ့ထုတ်စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပ

ကျောက်မြောင်း ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ဒေသအတွင်းရှိ ဂွေးပင်ကုန်း ကျေးရွာ တောင်သူ ဦးသိန်းတန်၏ ကွင်းအမှတ် (၂၇၁၅)၊ ဦးပိုင် (၄၄) စံပြစိုက်ကွက် (၁၀) ဧကတွင် စိုက်ပျိုးထားသော ဆောင်းမြေပဲ (ဆင်းပဒေသာ-၁၁) မျိုးစေ့ထုတ်စံပြကွက် ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာလ ၂၈ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။

ကွင်းသရုပ်ပြပွဲသို့ ကျောက်မြောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသန့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးမျိုးမင်းမောင်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်သီတာလွင်၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်ရီရီသိန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စိတ်ပါဝင်စားသော တောင်သူများ တက်ရောက် ကြည့်ရှုအားပေး ခဲ့သည်။
သရုပ်ပြပွဲတွင် တာဝန်ရှိသူများက ကွင်းအတွင်းတွင် ယခုစိုက်ပျိုးထားသော ဆောင်းမြေပဲမှာ အပင်စိုက်ရက် (၁၀၀-၁၀၅) ကြာမြင့်ကြောင်း၊ အပင်တစ်ပင်တွင် အောင်တောင့် (၂၀ မှ ၂၅) တောင့်ပါရှိပြီး အဆံထွက်နှုန်းမှာ (၇၄) ရာခိုင်းနှုန်းရှိကြောင်း အစေ့ (၁၀၀) အလေးချိန်မှာ (၄၀-၄၅) ဂရန်ရှိကာ တစ်ဧကလျှင် (၇၀ မှ ၇၅) တင်းထွက်ရှိကြောင်း လက်တွေ့ရှင်းလင်း ပြောကြားရာ တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြသည်။
ယခုလို ကွင်းသရုပ်ပြပွဲပြုလုပ်ပြီး စိုက်ပျိုးရမည့် မျိုးကောင်းမျိုးသန့်အကြောင်းများကို ရှင်းလင်းပြသပေးတဲ့အတွက် မိမိတို့မြေပဲစိုက်တောင်သူများမှာ အကျိုးရှိကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။

စိုးဝေ(ပြန်/ဆက်)

No comments:

Post a Comment