Tuesday, December 27, 2016

ထန်းလျှော်လက်ဆွဲခြင်းလုပ်ငန်းနှင့် တိမ်ကောလာသော ထန်းခေါက်ဖာလုပ်ငန်း


ခင်ဦး ၊ ဒီဇင်ဘာ ၂၇
အညာဒေသတွင် အများဆုံးပေါက်ရောက်သော ထန်းပင်မှာ အပင်ဖျားမှ အမြစ်ထိ လူအသုံးဆောင် ပစ္စည်းများ၊ စားသောက်စရာများအဖြစ် အသုံးဝင်သော အပင်ဖြစ်သည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ငှက်ပျောရွာတွင် ထန်းပင်မှရရှိသော ထန်းလျှော် (ထန်းလက်မှ ခွာယူရရှိသောအကြော)ဖြင့် တောင်သူလုပ်ငန်းခွင် ပြီးစီးချိန်တွင် ထန်းလျှော် လက်ဆွဲခြင်း များပြုလုပ်ပြီး အိမ်အတွက် အပိုဝင်ငွေရရှိအောင် မိသားစုအလိုက် အမျိုးသမီးများက လုပ်ကိုင်လျက် ရှိသည်။
ထန်းလျှော်လက်ဆွဲခြင်းယက်လုပ်ရာတွင် ထန်းလက်မှအကြောကို ခွာယူပြီး နေရောင်ဖြင့် အခြောက်ခံ ထားပြီး မိုးလုံလေလုံတွင် သိမ်းဆည်းထားရသည်။ ထန်းလက်တစ်ချောင်း ထန်းလျှော်ခွာရာတွင် ဗိုက်သားတစ်ခု နှင့် အပေါ်မှနှစ်ခု စုစုပေါင်း ထန်လျှော် သုံးခု ရရှိသည်။ မိမိအသုံးပြုတော့မည့်အချိန်တွင် ထန်းလျှော်ကို လိုသလောက် ရေစိမ်ပြီး အမျိုးသားများက ထန်းလျှော်ကို အချောသပ်ပေးကြသည်။
ထန်းလက်(၁၀၀) ချောင်းကို ငွေကျပ် (၃၅၀၀) ဖြင့် ၀ယ်ယူရပြီး ထန်းလက် (၁၀၀) ချောင်းတွင် ထန်းလျှော်လက်ဆွဲခြင်း အကြီး၊ အလတ်၊ အသေး ဆိုက်စုံ (၁၀) လုံးရရှိသည်။ လက်ဆွဲခြင်း (၁၀) လုံးကို သုံးရက်ကြာ ယက်လုပ်ရပြီး ပြန်ရောင်းပါက လက်ဆွဲခြင်းများ ကြီးစဉ်ငယ်လိုက် (၇) လုံးထပ်ကို ငွေကျပ် (၇၀၀၀) ဖြင့် ဖောက်သည်ဈေး ရောင်းရသည်။ ကျန်(၂)လုံးမှာ ထန်းလျှော် အတို၊ အရှည် ပေါ်မူတည်ပြီး လက်ဆွဲခြင်း အကြီး၊ အသေး ရသည်။ ထန်းလက် (၁၀၀) ချောင်းမှ ရရှိသောထန်းလျှော်လက်ဆွဲခြင်း ပြုလုပ်ပြီး ရောင်းပါက ငွေကျပ် တစ်သောင်း ၀န်းကျင်ခန့် ရရှိသည်။ အဆိုပါလက်ဆွဲခြင်းများကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့၊့ မုံရွာမြို့တို့က အများဆုံးမှာယူကြပြီး ပွဲဈေးများတွင်လည်း ကိုယ်တိုင် သွားရောက် ရောင်းချလျက်ရှိသည်။
ယခင်က ငှက်ပျောရွာတွင် ထန်းခေါက်ဖာကိုသာ ယက်လုပ်ကြရာ ယခုအခါတွင် ခေတ်အလိုက် အစားထိုး ပစ္စည်းများဝင်ရောက်လာသဖြင့် ထန်ခေါက်ဖာယက်လုပ်သူမှာ ရှားပါးလာပြီး  ရှေးလူကြီး (၄) ဦးလောက် သာ ရိုးရာမပျက်လုပ်ကိုင်ကြသည်။ ထန်းခေါက်ဖာကို မန္တလေးဘုရားကြီးဈေးတန်းမှ နိုင်ငံခြားသားများ ပစ္စည်းထည့်ရန်အတွက်နှင့် အိမ်များတွင်အလှထားရန် ထန်းခေါက်ဖာ ဆိုက်သေးများကိုသာ အများဆုံး မှာယူကြပြီး ထန်းခေါက်ဖာအသေးတစ်လုံးလျှင် ငွေကျပ်(၅၀၀)သာ ရရှိကြောင်း သိရသည်။
ထန်းခေါက်ဖာ ပြုလုပ်ရန် ရွာနီးစပ်ရှိ ထန်းပင်လူတစ်ရပ်ခန့်ရှိ ထန်းလက်များကို ခုတ်ယူရသည်။ ထန်းခေါက်ဖာ ပြုလုပ်ရာတွင် ထန်းဖူး (ထန်းရွက်မဖြစ်သေးခင်အဖူး) ဖြင့် ပုံဖော်ယက်လုပ်ပြီး အပေါ်မှ ထန်းလျှော်ဖြင့် ခိုင်ခံ့လှပအောင် ထပ်မံ ပြုလုပ်ရသည်။ ဆေးအရောင်ပြုလုပ်ရာတွင် အနီရောင်ရရှိရန် ထန်းလျှော်ကို  ကျွန်းပင်မှ ကျွန်းဖူးဖြင့်ဖြုတ်ရပြီး အနက်ရောင်ရရှိရန် ဇီးပူရွက်ဖြင့်ပြုတ်ပြီး ရွံ့ပုတ်စိမ်ထား ရသည်။ အဆိုပါအရောင်များမှာ အရောင်လွင့်ခြင်း၊ ကျွတ်ခြင်းမရှိသော သဘာဝအရောင်ဖြစ်ကြောင်း သိရသည်။ ပစ္စည်းစုံပါက တစ်ရက်လျှင် (၅) လုံးခန့်သာပြီးသည်။
ထန်းခေါက်ဖာကို ရိုးရာမပျက် ဖောက်သည်မှာယူတဲ့အတွက်သာ ပြုလုပ်ပေးရကြောင်း၊ ယခုလူငယ်များမှာ ထန်းခေါက်ဖာပညာကို လက်ဆင့်ကမ်းသင်ယူသူနည်းပါးပြီး အသုံးများပြီး ၀င်ငွေရရှိ ထန်းလျှော် လက်ဆွဲခြင်းပညာကိုသာ စိတ်ဝင်စားစွာ လက်ဆင့်ကမ်းသင်ယူပြီး မိသားစုအလိုက် အိမ်နေရင်း ယက်လုပ်လျက်ရှိကြောင်း၊ အိမ်၏ အသုံးစရိတ်ကို လက်ဆွဲခြင်းပြုလုပ်ခြင်းဖြင့် အပိုဝင်ငွေရရှိသဖြင့် မိသားစုအများစုမှာ အဆင်ပြေလျက်ရှိကြောင်း ထန်းလျှော်လက်ဆွဲခြင်းမှာ ခိုင်ခံ့ပြီး ဈေးသက်သာသဖြင့် အသုံးပြုသူများပြားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment