Saturday, December 3, 2016

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ ပွင့်လင်းမြင်သာမှုရှိ၊ ရင်းနှိးမြှုပ်နှံသူများအတွက် အခွင့်အလမ်း ပိုမိုရရှိလာစေမည်

သတင်းကြေညာချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံသို့ ၃၀-၁၁-၂၀၁၆ ရက်နေ့မှ၂-၁၂-၂၀၁၆ ရက်နေ့အထိ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး ၂-၁၂-၂၀၁၆ ရက်နေ့တွင် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့သွားရန် ဆွေးနွေး
၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းသို့ ဆွေးနွေး ရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ ပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းပိုမိုရရှိလာစေမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာခြင်းဖြင့် အစိုးရ၏ အဓိကရည်မှန်းချက် ဖြစ်သော အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးသွား နိုင်မည်သာမက အရည်အသွေးပြည့်မီသော လုပ်သားအင်အားများ မွေးထုတ်ပေးနိုင်ခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေးကို စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများ စုမှာ သဘာဝသယံဇာတကို အခြေခံသောလုပ်ငန်းများသာဖြစ်ရာ၊ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက် ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံသော စီးပွားရေးကို တည်ဆောက် သွားရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှုရရှိရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်း မငြိမ် သက်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အရေးကြီးသောကိစ္စရပ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များမှ လက်ရှိတွင် စင်ကာပူကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ မြို့ ပြတည်ဆောက်ရေးကဏ္ဍ၊ ဟိုတယ်နှင့် အဆင့်မြင့်အိမ်ရာတည်ဆောက်ရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ က္ဘာလှည့်ခရီးသွားလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လျက်ရှိပြီး၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်း၊ စွန့်ပစ် ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်း၊ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း၊ စီးပွားရေး ဇုန်တည်ဆောက်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ သွားရန် ဆွေးနွေးခဲ့ကြပါသည်။
ပြည်ဝင်ဗီဇာရယူရန်မလိုဘဲ အပြန်အလှန်သွားလာနိုင်
၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယင်းနေ့ ညနေ(၁၇း၃၀) နာရီအချိန်တွင် Istana သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ရင်းနှီးမြှုပ်နှံမှုစာချုပ် လက်မှတ်ရေး ထိုးရေး၊ ၁၉၉၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် အခွန်နှစ်ထပ် ပေးဆောင်မှု ရှောင်ရှားရေး သဘောတူစာချုပ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲရေး၊ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် စင်ကာပူ လေကြောင်းလိုင်း Silk Air အား စင်ကာပူ-ရန်ကုန်-မ္တလေး ခရီးစဉ်အတွက် own stopover rights ရပ်နား ပျံသန်းခွင့်အား (၆)လ စမ်းသပ်ကာလ ပြေးဆွဲ ရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးမှုများကို မကြာမီစတင်နိုင်ရေး၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စင်ကာပူ-မြန်မာ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို သုံးနှစ်သက်တမ်းတိုးမြှင့်သွားရေးတို့ကို ဆွေးနွေးသဘောတူညီ ခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်(၅၀)ပြည့် အထိမ်းအမှတ် အဖြစ် နှစ်နိုင်ငံပြည် သူများမှ ပြည်ဝင်ဗီဇာရယူရန်မလိုဘဲ အပြန်အလှန်သွားလာနိုင်ရေး သဘောတူညီချက်ကို ဒီဇင်ဘာလ(၁)ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် နိုင်မှုအပေါ် ကြိုဆိုခဲ့ကြပါသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူဝန်ကြီးချုပ်မှ Istana သမ္မတအိမ်တော်၌ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
နိုင်ငံတော်အကြီးအကဲများအား သစ်ခွအမည်ပေး
၎။ ၁-၁၂-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခေတ္တတည်းခို သည့် ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံ ဝါရင့်ဝန်ကြီး H.E. Mr. Goh Ghok Tong နှင့်အတူ အလုပ်သဘောနံနက်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာလုပ်ငန်းရှင်များ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စ ရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် National Orchid Garden ၌ ကျင်းပပြုလုပ်သော သစ်ခွအမည်ပေးပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ရာ အမျိုးသားသစ်ခွဥယျာဉ် အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများမှ သစ်ခွ ဥယျာဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဥယျာဉ်အတွင်း လှည့်လည်လေ့လာကြည့်ရှုခဲ့ပါသည်။ အဆိုပါဥယျာဉ်မှ သစ်ခွမျိုး စိတ်သစ်တစ်ခုအား Papilionanda Aung San Suu Kyi ဟု ဂုဏ်ပြုအမည် ပေးအပ်ခဲ့ပါသည်။ စင်ကာပူနိုင်ငံသို့ လာရောက်သော နိုင်ငံတော်အကြီးအကဲ များအား ဂုဏ်ပြုသောအားဖြင့် သစ်ခွအမည်ပေးခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ၁၉၅၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယင်းနေ့ (၁၁း၀၀) နာရီအချိန်တွင် စင်ကာပူနိုင်ငံ ခေတ္တသမ္မတ H.E. Mr. Joseph Yuvaraj Pillay (သမ္မတ၏ အကြံပေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ) နှင့် Isအညေa သမ္မတအိမ်တော်၌ တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ မြို့ ပြဖွံ့ ဖြိုးတိုးတက်မှု၊ လူမှု-စီးပွားဖွံ့ ဖြိုးတိုးတက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးတို့ကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
၆။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး H.E. Mr. Teo Chee Hean က ရှန်ဂရီလာဟိုတယ်၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက် ခဲ့ပါသည်။ ယင်းနေ့နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ် အဖွဲ့သည် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်ခဲ့ပြီး လုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ရှင်းလင်း ပွဲ၌ စင်ကာပူနိုင်ငံတွင် အဂတိလိုက်စားမှုမှာ နည်းပါးကြောင်း၊ စင်ကာပူနိုင်ငံ၏ အစိုးရဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှာ ပွင့်လင်းမြင်သာမှုရှိပြီး Political and Economic Risk Consultancy Ranking (PERC) ၏ ၂၀၁၅ ခုနှစ် စစ်တမ်းများအရ နိုင်ငံပေါင်း (၁၈၆) နိုင်ငံတွင် စင်ကာပူနိုင်ငံသည် အဂတိလိုက်စားမှု အနည်းဆုံး အဆင့်(၈) ရှိနေကြောင်း၊ စုံစမ်းစစ်ဆေးရေးဌာနသို့ ရောက်ရှိလာသော တိုင်ကြားမှုများ၏ (၇၆) ရာခိုင်နှုန်းမှာ တစ်သီးပုဂ္ဂလတိုင်ကြားမှုများဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍသို့တိုင်ကြားမှုများကြောင်း၊ စင်ကာပူနိုင်ငံ၌ အစိုးရမှ ထိရောက်သော ဥပဒေပြဋ္ဌာန်းထားရှိပြီး ဥပဒေအား တိကျစွာလိုက်နာကျင့်သုံးမှုရှိခြင်း၊ သီးခြား လွတ်လပ်သော တရားစီရင်မှုစနစ်ရှိခြင်း၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိခြင်းတို့ ကြောင့် စင်ကာပူအစိုးရမှ အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ သိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
၇။ ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Singapores Asian Civilization Museum(ACM) ၌ ကျင်းပသည့် Cities and Kings: Ancient Treasures from Myanmar ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၊ ယဉ်ကျေးမှု၊ လူမှုအဖွဲ့ အစည်းနှင့် လူငယ်ရေးရာဝန်ကြီးတို့မှ ကြိုဆိုခဲ့ကြပါသည်။ အဆိုပါပြပွဲ၌ မြန်မာ နိုင်ငံအမျိုးသားပြတိုက်တွင် စုဆောင်းထားရှိသည့် ပျူခေတ်၊ အောက်မြန်မာနိုင်ငံနှင့် မွန်ဘုရင်များခေတ်၊ ပုဂံခေတ်နှင့် မ္တလေးနန်းတော်တို့မှ အကောင်းဆုံး ရှေးဟောင်း ယဉ်ကျေးမှုအနုပညာလက်ရာများအား ပြသထားခြင်းဖြစ်ပါသည်။ အဆိုပါပြပွဲအား ၂၀၁၇ ခုနှစ်၊ မတ်လအထိ ပြသထားမည်ဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်(၅၀)ပြည့်အခမ်းအနား အထိမ်းအမှတ်လှုပ်ရှားမှုတစ်ရပ် အဖြစ် မြန်မာနိုင်ငံ အမျိုးသားပြတိုက်နှင့် စင်ကာပူနိုင်ငံ Asian Civilizations Museum တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
မေးမြန်းချက်များဖြေကြား
၈။ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူမြို့၊ မြန်မာသံရုံး နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုများ၊ ပညာသင် များအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့ပြီး မြန်မာသံရုံးမှ တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Jurong East &Sd Big Box Hall တွင် စင်ကာပူနိုင်ငံရောက် မြန်မာအသိုက်အဝန်း နှင့် တွေ့ဆုံမိန့်ခွန်းပြောကြားခဲ့ပြီး မေးမြန်းချက်များကို ခင်မင်ရင်းနှီးစွာ ဖြေကြား ခဲ့ပါသည်။
၉။ ၂-၁၂-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေး ဝန်ကြီး H.E. Dr. Vivian Balakrishnan လိုက်ပါ၍ Ghim Moh Hawker Centre and Wet Market ၌ လှည့်လည်လေ့လာပြီး နံနက်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ယင်းနေ့ (၁၃း၀၀) နာရီအချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာလာရာ မွန်းလွဲ ပိုင်း (၁၅း၃၀)နာရီအချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ဆိုက်ရောက်ခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

No comments:

Post a Comment