Saturday, December 3, 2016

တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော အရာရှိကောင်းများ မွေးထုတ်ပေး


နေပြည်တော် ဒီဇင်ဘာ ၂
စည်းလုံးညီညွတ်မှုသည် အား ကို ဖြစ်စေသကဲ့သို့ စည်းလုံးညီညွတ်မှုပျက်ပြားစေသည့် ကိစ္စရပ်များသည် ခိုင်မာညီညွတ်မှု အားကိုလျော့ကျထိခိုက်စေကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့အားလုံး စည်းလုံးညီညွတ်မှုရှိမှ တပ်မတော် အတွက် အား ဖြစ်စေပြီး နိုင်ငံတော်တွင်လည်း နိုင်ငံသားများ၏ စည်းလုံးညီညွတ် မှုသည် နိုင်ငံ့ အားကိုဖြစ်စေနိုင်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ပြောကြားသည်။

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၈) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ် ကြူကြူလှ၊ မ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင် မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှ အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများတက် ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြု ခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ရင်းများကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ရင်း များက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅၈)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ထက်မင်းပိုင်ဝင်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ဝင်းမင်းရှိန်း၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ) ရရှိသူ ဗိုလ်လောင်းထက်အာကာစိုး၊ စာပေ ထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်း တေဇာလင်း၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်း အောင်ကျော်ကျော် တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ တပ်မတော် (ကြည်း၊ ရေ၊လေ)အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော အရာရှိကောင်း များအဖြစ်၊ တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ်ပေးခဲ့ပြီး ကျောင်းဆင်းအရာရှိ များအနေဖြင့် ခေတ်အဆက်ဆက် တပ်မတော်၏ တာဝန်၊ နိုင်ငံတော်၏ တာဝန်များကိုကျရာ ကဏ္ဍအသီးသီးတွင် ကျေပွန်အောင် ထမ်းဆောင် ခဲ့သည်ကို တွေ့ မြင်ရမည်ဖြစ်ကြောင်း၊ ကျရာတာဝန်များကို ထမ်းဆောင်ရာတွင် အထက်မှ ယုံကြည်အားထားရပြီး လက်အောက်မှ လေးစားအားကိုးရသည့် အရာရှိ ကောင်းများ၊ ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းတာဝန်ထမ်းဆောင်ကြရန် ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒ (၆)ရပ်ကို ချမှတ်ပြီး စစ်မှန်ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်(Peace Process)ကို ဆောင်ရွက်သည့်အခါတွင် NCA စာချုပ်ပါ အတိုင်း လိုက်နာဆောင်ရွက်ရန်လိုသကဲ့သို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒ (၆)ရပ်ကိုလည်း လေးစားလိုက်နာရန် လိုကြောင်း၊ သို့မှသာ NCA လမ်းကြောင်းကို မြန်မြန်ဆန်ဆန်နှင့် အဆင်ပြေစွာဆောင်ရွက် နိုင်မည်ဖြစ် ကြောင်း၊ လက်နက်ကိုင် လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုဖြစ်ရန် လမ်းခင်းပေးထားခြင်းဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား ပေါင်းစုံနေထိုင်ကြပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်လိုလျှင် မည်သည့် တိုင်းရင်းသားမဆို စစ်မှုထမ်းစည်းမျဉ်းများနှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း၊ နိုင်ငံတကာ၌ နိုင်ငံတိုင်းတွင် တပ်မတော်ဆိုသည်မှာ တစ်ခုသာရှိကြောင်း၊ ထို့ကြောင့် မိမိတို့ တပ်မတော်သည် တစ်ခုတည်းသော တပ်မတော် မူဝါဒအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး နိုင်ငံတော်ကို ကာကွယ်လျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများက ကြိုးပမ်း လုပ်ဆောင်နေကြသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အခြေခံပြီး နိုင်ငံတော်၏ ပကတိလို အပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းတည်ဆောက် နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment