Friday, December 2, 2016

“အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ” သို့ ပြည်ထောင်စုရှေ့နေချုပ် တက်ရောက်


နေပြည်တော်၊ ဒီဇင်ဘာ ၂
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် အီတလီနိုင်ငံ၊ ရောမမြို့၌ နိုဝင်ဘာ ၂၉ ရက် မှ ၃၀ ရက်အထိ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဥပဒေ ရေးရာအထောက်အကူပြုအဖွဲ့ (IDLO) ၏နှစ်ပတ်လည်ညီလာခံ သို့ တက်ရောက်သည်။

ညီလာခံသို့အီတလီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ IDLO ဥက္ကဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ IDLO ၏ အလှူရှင် နိုင်ငံများနှင့် IDLO ၏ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရှေ့နေချုပ်က ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲ ကျင့်သုံးနေပြီး ဥပဒေရေးရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍအသီးသီးကို တိုးတက် ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ၂၀၁၅-၂၀၁၉ ခုနှစ် မဟာဗျူဟာစီမံကိန်း ကို ချမှတ်၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍတိုးတက်ရေးတွင် ပြည်သူများ က ဥပဒေအသိပညာ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် IDLO တို့က နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုနှင့်အညီ တရားဥပဒေစိုးမိုးရေးစင်တာများကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ IDLO အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေရေးရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုပံ့ပိုးကူညီ ဆောင်ရွက်ပေး နိုင်ရန် မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။
IDLO သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသည့်နိုင်ငံများ၌ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုကဏ္ဍတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း များကို အလေးထားဆောင်ရွက်လျက် ရှိသော အဖွဲ့အစည်းဖြစ်ပြီး IDLO နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့သည်  ဥပဒေ အရာရှိများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်ရေးနှင့် မျှတသည့် တရား စီရင်ရေးဆိုင်ရာစံနှုန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ချမှတ် အကောင်အထည် ဖော်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှ စတင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် နားလည်မှုစာချွန်ကို လက်မှတ်ရေးထိုး၍ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားကြမည် ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment