Friday, December 2, 2016

ပုဂံ-ပုပ္ပား-ကျောက်ပန်းတောင်း-မိတ္ထီလာ ပထမနေ့ တာဝေးစက်ဘီးပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ


မိတ္ထီလာ   ဒီဇင်ဘာ ၂      
စက်ဘီးအားကစားနည်းအား ပြည်သူများ စိတ်ပါဝင်စားလာစေရန်၊ မျိုးဆက်သစ် စက်ဘီးသမားများ ပေါ်ထွက် လာစေရန်နှင့် မလေးရှားနိုင်ငံတွင် လက်ခံကျင်းပမည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်  မြန်မာစက်ဘီး အားကစားအဖွဲ့အောင်မြင်မှု ရရှိစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့၏ လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited Myanmar CP Livestock, 100Plus, ဧရာမြန်မာအာမခံနှင့်
မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသော (၅၈)ကြိမ် မြောက် အမျိုးသား တံခွန်စိုက်ဆုဖလား တာဝေးစက်ဘီးပြိုင်ပွဲ ပထမနေ့ပြိုင်ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်ခုံဘုရား တောင်ဘက်မုဒ်ဦးမှ စတင်တာလွှတ်ရာ ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်းက သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တာဝေးစက်ဘီးပြိုင်ပွဲအဖွဲ့သည် ပုဂံ-ပုပ္ပား-ကျောက်ပန်းတောင်း-မိတ္ထီလာ တာဝေးစက်ဘီးပြိုင်ပွဲသို့ အားကစား နှင့် သပ္ပံ(ရန်ကုန်)(မန္တလေး) နှင့်အခြားကလပ်အသင်း(၇) သင်းမှ ကစားသမား(၄၀) ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး မိတ္ထီလာမြို့နယ် အောင်ဆန်းရပ်ကွက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် နံနက် (၁၁)နာရီတွင် ပန်းဝင်ရာ မိတ္ထီလာခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ဒေသခံအားကစား ဝါသနာရှင်ပြည်သူများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုအားပေးခဲ့ကြသည်။
၎င်းပုဂံ-ပုပ္ပား-ကျောက်ပန်းတောင်း-မိတ္ထီလာ တာဝေးစက်ဘီးပြိုင်ပွဲ ပထမနေ့အဖြင့် ကျင်းပရာ စံချိန် ၄နာရီ ၄၈မိနစ် ၁၈စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည့် (Gold Camp GtM Team) အသင်းမှ မောင်စိုးသန့်က ပထမ၊ ၄နာရီ ၄၈မိနစ် ၂၁စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည် (Gold Camp GtM Team) အသင်းမှ မောင်အောင်ဖြိုးမင်းက ဒုတိယရရှိပြီး၊ ၄နာရီ ၅၀ မိနစ် ၃၄ စက္ကန့်ဖြင့်ပန်းဝင်ခဲ့သည့် (Gold Camp GtM Team)အသင်းမှ မောင်ဇင်လင်းကိုက တတိယ ရရှိခဲ့သည်။ အဆိုပါ ဆုရရှိသည့် ပြိုင်ပွဲဝင်အားကစားသမားများကို  တာဖမ်းသည့်နေရာ အောင်ဆန်းရပ်ကွက် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဆုပေးပွဲကျင်းပခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦတင့်ဝေသုံမှ ပထဆုရရှိသည့် မောင်စိုးသန့်အား ရွှေဆွဲပြားနှင့် ငွေကျပ် (၁၅၀၀၀၀)ကိုလည်းကောင်း၊ဒုတိယရရှိသည့် မောင်အောင်ဖြိုးမင်းအား ငွေဆွဲပြားနှင့် ငွေကျပ်(၁၀၀၀၀၀)ကိုလည်းကောင်း၊တတိယရရှိသည့် မောင်ဇင်လင်းကို အား ကြေးဆွဲပြားနှင့် ငွေကျပ် (၇၅၀၀၀)ကို လည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဒုတိယနေ့အဖြင့် ဒီဇင်ဘာလ (၃)ရက်နေ့ နံနက် ၆နာရီ ၃၀ မိနစ်တွင် မိတ္ထီလာမြို့ အထွေထွေ အုပ်ချုပ်ရေးရုံးအနီး ဗိုလ်ချုပ်ကြေးရုပ်မှ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်မနားမြို့နယ် နှင်းဆီပန်း အဝိုင်းအထိ တာဝေးစက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment