Friday, December 2, 2016

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲခြင်းနှင့် ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် စီမံကိန်းရေးဆွဲခြင်းနှင့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၁)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြား ရာတွင် နှစ်တစ်နှစ်အတွက် ဘဏ္ဍာငွေများကို တင်ပြတောင်းခံရာတွင် ဝန်ကြီး ဌာနများအနေဖြင့် မူလစီမံကိန်း ခေါင်းစဉ်နှင့်အညီ ခွဲဝေရရှိသည့် ဘတ်ဂျက်အပေါ် အလေအလွင့်မရှိ သုံးစွဲနိုင်ရန် အရေးကြီးကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပိုလျှင်ပြန်အပ်၊ လိုလျှင်ထပ်မံတောင်းခံ၍ ဆောင်ရွက်နေကြရာ ငွေကြေးလည်ပတ်မှု၊ လုပ်ငန်းလည်ပတ်မှု (Operation Cycle) လျင်မြန်ရေး၊ လုပ်ငန်းများထိရောက်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် အရေးကြီးကြောင်း။
နိုင်ငံတော်မှ ထည့်ဝင် ငွေများကို လိုအပ်သည့်လုပ်ငန်းများတွင် မှန်မှန်ကန်ကန် မျှမျှတတ လုံလုံလောက်လောက်ဖြင့် အချိန်နှင့် တစ်ပြေးညီ ခွဲဝေချထားပေးနိုင်ရန် စိစစ်ဆောင်ရွက်နိုင်မှ နိုင်ငံတော်၏ မျှော်မှန်းချက်များ အောင်မြင်မည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာငွေခွဲဝေပေးခြင်းများ ဆောင်ရွက် ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး မူဝါဒများကို အခြေခံလျက် ဝန်ကြီးဌာန၏ မူဝါဒများ၊ ဒေသ၏ မူဝါဒ၊ ရည်မှန်းချက်များနဲ့ လိုက်လျောညီထွေဖြစ်စေရန်နှင့် လွှတ်တော်များက ဆုံးဖြတ်သည့် ဦးစားပေးစီမံကိန်း များကိုလည်း ထည့်သွင်းဖော်ပြပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရန် လိုအပ်ကြောင်း။
ရရှိထားသည့် ကိန်းဂဏန်း အချက်အလက်များ၊ ဌာနဆိုင်ရာများမှ တင်ပြလာသည့် အချက်အလက် ကိန်းဂဏန်းများကို အခြေခံ၍ စီမံကိန်းများကို ရေးဆွဲတင်ပြရာတွင် ပကတိမြေပြင် အခြေအနေနနဲ့ ကိုက်ညီမှု ရှိ/မရှိ၊ ဖြစ်နိုင်ခြေ ရှိ/မရှိ သေချာစွာ စီစစ်သုံးသပ်ရန် လိုအပ်ကြောင်း၊ ပထမအဆင့် အနေဖြင့် စီမံကိန်းနှင့် ဘတ်ဂျက် တစ်ထပ်တည်းကြရန် လိုအပ်ကြောင်း။
လုပ်ငန်းစီမံကိန်းများ၏ အကောင်အထည်ဖော်မှု၊ ငွေကြေးသုံးစွဲမှု၊ သတ်မှတ် အချိန်ကာလအတွင်း အောင်မြင် အောင် အကောင်အထည် ဖော်နိုင်မှုရှိ/မရှိကို စိစစ်ရန်လိုကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မှုကို စိစစ်နိုင်ရန်နှင့် ကြီးကြပ်ဆောင်ရွက်နိုင်ရန် စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနကို ပြန်လည်ဖွဲ့စည်းနေကြောင်း၊ ၄င်းရုံးများနှင့်ပေါင်းစပ်၍ ပြည့်ဝစွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အောင်မြင်မှုကို ဝန်ထမ်းနှင့် ပြည်သူတို့၏ အင်အားဖြင့် တည်ဆောက်ရမည် ဖြစ်၍ မိမိတို့၏ လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင်မောင်းဝင်က စီမံကိန်းများရေးဆွဲမှု၊ ဘဏ္ဍာငွေ ခွဲဝေချထားမှုများနှင့် ပတ်သက်၍ ရှောင်ရန် ဆောင်ရန် အချက်များကို မှာကြားပြီး စီမံကိန်း ရေးဆွဲရေးဦးစီးဌာနနှင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များနှင့် တက်ရောက်လာသည့် တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းမှူးများ၊ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment