Monday, December 26, 2016

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ၃/၂၀၁၆ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ၃/၂၀၁၆ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များဖြစ် ကြသည့် ဦးအောင်ကြည်၊ ဦးထွန်းမြတ်၊ ဒေါက်တာသက်သက်ဇင်၊  ဒေါက်တာအောင် ထွန်းသက်၊ ဦးညွန့်ဆွေ၊ ဦးစောသလေးစော၊ ဒေါ်ကျိန်ငိုက်မန်၊ ရဲချုပ်ဇော်ဝင်း၊ ဦးအောင်နိုင်၊ ဒေါက်တာလှမောင်၊ ဦးသာဥာဏ်၊ အတွင်းရေးမှူး ဦးဇော်မြင့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပထမအကြိမ်ခရီးစဉ် အတွေ့အကြုံများနှင့် ဆက်လက်ဆောင် ရွက်မည့် ကိစ္စရပ်များအား အစီရင်ခံစာ(မူကြမ်း) ရေးသားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားရာတွင် မိမိတို့ကော်မရှင်၏ အဓိကတာဝန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂ ရက်၊ ၁၃ ရက်နေ့များက ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ အပေါ် ဖြစ်ပွားရသည့် နောက်ခံအခြေ အနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်း စစ်ဆေးရန်နှင့် နောင်အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်၏တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းရှိ မရှိကို စစ်ဆေးသုံးသပ်ပြီး အကြံပြုချက်များအဖြစ် စုံစမ်းစစ်ဆေးရေး အစီရင်ခံ စာကို ပြုစုရေးသားတင်ပြရန် ဖြစ်ပါကြောင်း။
မိမိတို့ကော်မရှင်အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ရခိုင်ပြည်နယ် မောင်တောဒေသသို့သွားရောက်၍ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်း ဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့သည့် ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ ငါးခူရ၊ ပြောင်ပိုက်၊ ပွင့်ဖြူချောင်း၊ ၀ါးပိတ်၊ ဂွဆုံ၊ ငန်းချောင်း၊ ကြက်ရိုးပြင်၊ ကိုးတန်ကောက် ဒေသများ သို့ သုံးရက်ကြာ လှည့်လည်ကြည့်ရှုစစ်ဆေးမှုများ၊ စုံစမ်းမှုများ၊ လိုအပ်သည့် တွေ့ဆုံမေးမြန်းမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း။
ကော်မရှင်အနေဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ဒေသ နှင့် ကျေးရွာများသို့ သွားရောက်၍ စုံစမ်းစစ်ဆေးခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ သတင်း ထုတ်ပြန်ခြင်း၊ ပြည်တွင်း ပြည်ပမီဒီယာများအား သွားရောက်သတင်းယူနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့မှုများကြောင့် ယခုအချိန်တွင် ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်များ၏ အဖြစ်မှန်ရုပ်လုံး ပေါ်လာပြီဖြစ်ပါကြောင်း။
ယခုဖြစ်စဉ်သည် ရခိုင်ပြည်နယ်အတွင်း ယခင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် မတူကွဲပြားလျက်ရှိပါကြောင်း၊ ယခင်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် ဒေသခံ ပြည်သူအချင်းချင်းအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများဖြစ်သော်လည်း ယခုဖြစ်စဉ်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း၌ အချိန်ယူပြီး အကြမ်းဖက်အဖွဲ့အစည်းများက စနစ်တကျ ဖွဲ့စည်းပြင်ဆင်၍  နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည့် အကြမ်းဖက် တိုက်ခိုက်မှုမျိုး ဖြစ်ပါကြောင်း၊ ပြည်ပနှင့်လည်း ဆက်စပ်နေသည့် ကွင်းဆက်များလည်း ပေါ်ပေါက်နေသဖြင့် ပိုမိုသိမ်မွေ့ရှုပ်ထွေး လျက်ရှိသည်မှာ အမှန်ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့ကော်မရှင်က ပြုစုရေးသားမည့် အစီရင်ခံစာတွင် နောင်အလား တူ အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်ရေး၊ နိုင်ငံတော်နှင့် အမျိုးသားလုံခြုံရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများအနေဖြင့် မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ကို ၀ိုင်းဝန်း စဉ်းစားပြီး အကြံပြုပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှန်ကို အမှန်အတိုင်း အရှိကိုအရှိအတိုင်း စိစစ်ဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
မိမိတို့ကော်မရှင်အနေဖြင့် အစီရင်ခံစာကို သတ်မှတ်ချိန်အတွင်း တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံရေးသားနိုင်ရန် ရခိုင်ပြည်နယ်သို့ အချိန်ရလျှင် ရသလို ထပ်မံ သွားရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများနှင့် တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးမှတ်တမ်းများအား အတည်ပြုကြ သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ရခိုင် ပြည်နယ် မောင်တောဒေသတွင် ထပ်မံဖြစ်ပွားခဲ့သည့် မီးလောင်မှုများနှင့်  အကြမ်းဖက်မှု ဆက်စပ်ဖြစ်စဉ်များ၊ အကြမ်းဖက်သမားများက ဒေသခံ ပြည်သူအချို့ကို ခြိမ်းခြောက်သတ်ဖြတ်ကျူးလွန်နေမှုများ၊ မောင်တောဒေသနောက်ဆုံး အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက အစီရင်ခံစာမူကြမ်း၏ နိဒါန်း၊ ရည်ရွယ်ချက်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အချက်အလက်များ၊  ကော်မရှင်၏ စိစစ် တွေ့ရှိချက်များနှင့် ထပ်မံစစ်ဆေးဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များကို လည်းကောင်း၊ ရေးသားမည့်အစီရင်ခံစာ၏ အကြောင်းအရာအချက်အလက်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
 ထို့နောက် ကော်မရှင်အဖွဲ့ဝင်များက သတင်းအချက်အလက်များ ပြည့်စုံစွာရရှိ ရေး၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုများ၊  ပဋိပက္ခများထပ်မံမဖြစ်ပွားရေးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ အစီရင်ခံစာရေးသားရာတွင် ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက်  ၀ိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment