နေပြည်တော်
ဒီဇင်ဘာ ၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊
သစ်တောသုတေသန ဌာနနှစ်ပတ်လည် စာတမ်း ဖတ်ပွဲဖွင့်ပွဲ အခမ်းအနားကို သစ်တောသုတေသနဌာန (စုဝေးခန်းမ)
ရေဆင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်
လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် သုတေသန လုပ်ငန်းများသည် အခြေခံကျပါကြောင်း၊
သုတေသနလုပ်ငန်းများကို ငွေကြေးလူ့စွမ်းအား အရင်း အမြစ်များ နှစ်ပေါင်းများစွာ ရင်း နှီးမြုပ်နှံ၍
တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ကြရကြောင်း၊ ယခုနှစ်ပိုင်းအတွင်း သစ်စေ့သို လှောင်ခန်း၊ ဇီဝ
နည်းပညာဓာတ်ခွဲခန်း၊ တစ်သျှူးဓာတ်ခွဲခန်း၊ ဇီဝမျိုးစုံမျိုးကွဲဓာတ်ခွဲခန်း၊ ရေဓာတ်ခွဲခန်း၊
သစ်တောသုတေသနမှ ထုတ်လုပ်သည့် A1 စွမ်းအားမြှင့်မီးဖိုအပါအဝင်
ပုဂ္ဂလိကထုတ် စွမ်းအားမြှင့်မီးဖို အမျိုးမျိုး၏ စွမ်းဆောင်ရည်နှင့် ကာဗွန်ထုတ်လွှတ်မှုစမ်းသပ်
ဓာတ်ခွဲခန်းများကို အသစ်တည်ဆောက်ခြင်း၊ အကြီးစားပြုပြင် မွမ်းမံခြင်း၊ ခေတ်မီဓာတ်ခွဲခန်း
သုံးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းများအတွက် ဌာနရန်ပုံငွေအပါအဝင် အပြည်ပြည် ဆိုင်ရာ
အဖွဲ့အစည်း များ၏ အကူအညီဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊
သစ်တောသုတေသနစခန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
စခန်းအခြေစိုက် သုတေသနလုပ်ငန်းများ ပိုမို အားထည့်ဆောင်ရွက်လျှက်ရှိကြောင်း၊ အရည်အသွေးပြည့်မီသော
သစ်စေ့နှင့် ပျိုးပင်များ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် သုတေသနစခန်းများ အဆင့်မြှင့်တင်ခြင်း၊
ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်နိုင်ရန် ပံ့ပိုးပေး လျှက်ရှိကြောင်း၊ ယခုပြုလုပ်သည့်
သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းစုစုပေါင်း(၂၅)စောင်အနက် အသုံးချသိပ္ပံ ဘာသာရပ် အနေဖြင့်
(၂၂)စောင်၊ အခြေခံဘာသာရပ်(၃)စောင်ဖြစ်ပါကြောင်း၊ ဘာသာရပ်အလိုက် အနေဖြင့် သစ်တောမျိုးရိုး
ဗီဇနှင့် သစ်မျိုးသန့်ပြန့်ပွားခြင်း ဘာသာရပ်(၂) စောင်၊ သစ်တောပြုစုပျိုးထောင်ခြင်း
ဘာသာရပ်(၄) စောင်၊ အပင်မျိုးခွဲခြားခြင်း ဘာသာရပ် (၁)စောင်၊ သစ်တောစီမံခန့်ခွဲမှုနှင့်
မြေအသုံးချမှု ဘာသာရပ်(၂)စောင်၊ ရာသီဥတု ပြောင်းလဲမှု၊ သတ္တုနှင့်သဘာဝ ပတ်ဝန်းကျင် ရေးရာ
ဘာသာရပ်(၄)စောင်၊ သစ်အသုံးချဘာသာရပ် (၅)စောင်၊ ပိုးမွှား ကာကွယ်ခြင်းဘာသာရပ်(၂)စောင်၊
သီးနှံသစ်တောနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်း ဘာသာရပ်(၄)စောင်၊ စာကြည့်တိုက်စီမံမှု(၁)စောင် တို့
ဖြစ်ပြီးသစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကဏ္ဍ များဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အကူပြုနိုင်မည့်ျ စာတမ်းများဖြစ်ပါကြောင်း၊ စာတမ်းများကို ဆက်စပ်ပတ်သက် သူများအားဖြန့်ဝေ၍
ဖတ်ရှုလေ့လာအသုံးချနိုင်ရေး ဖြန့်ဝေပေး ရန်ထပ်မံမှာကြား လိုကြောင်း၊ ထို့အပြင် အခမ်းအနားများတွင်
ပြည်သူများ အလွယ်တကူလာရောက် ဖတ်ရှုလေ့လာနိုင်ရန်အတွက် သစ်တော သတ္တုနှင့် ပတ်ဝန်းကျင်ရေးရာ
သုတေသနပိုစတာ (၄၂)ခုကိုလည်း ပြသထားပါကြောင်း၊ တက်ရောက်လာကြသည့် သစ်တောပညာရှင်များနှင့်
ဧည့်သည်တော်များမှ လည်းဝေဖန်ဆွေးနွေး၊ အကြံပြကြရန် မေတ္တာရပ်ခံလိုကြောင်း၊ လက်ရှိအခြေအနေထက်
သာလွန်ကောင်းမွန်သည့် သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ကြရန်၊
အရည်အချင်းပြည့်ဝသော လူငယ်မျိုးဆက်သစ် သုတေသီ များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရန်၊
နိုင်ငံတော်အတွက် သစ်တောပညာရပ်ဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ အားကြိုးပမ်း ဖေါ်ဆောင်
ရေးမှာကြားသည်။
ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
စီမံကိန်းများမှ ပြသထားသည့် ပိုစတာများနှင့် သုတေသီ တစ်ဦးချင်း အလိုက် ပြသထားသည့် ပိုစတာများကို
လိုက်လံကြည့်ရှုရာ သက်ဆိုင်ရာစီမံကိန်း တာဝန်ခံများနှင့် သုတေသီများက ရှင်းလင်းတင်ပြကြသည်။
(သတင်းစဉ်)

No comments:
Post a Comment