Friday, December 2, 2016

အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်း၏ လားရှိုး မြို့နယ် ကောင်းကြဲ (ပိတ်) ကျေးရွာအုပ်စု နားမွန်ကျေးရွာအတွင်းရှိ တောင်သူ(၁၂)ဦး ပိုင်ဆိုင် သော ကွင်းအမှတ် (၁၀၂) ဆွမ်ကွယ် ကွင်း မြေနေရာအား တပ်သိမ်းမြေမှ မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးပါရန်နှင့် နစ်နာသောတောင် သူများကို မည်ကဲ့သို့ဖြေရှင်း ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးက မေးခွန်းပါမြေဧရိယာ ၃၀ ဒသမ ၂၅ ဧကသည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၌ ဦးပိုင်အမည်ပေါက် စာရင်းမရှိသည့်အတွက် စိုစိုပြေပြေ အုတ်စက်ရုံက မြေလွတ် မြေရိုင်းများကို တရားဝင်လျှောက်ထားရယူခဲ့သည့် မြေ ၉၁ ဒသမ ၉၄ ဧက အတွင်းပါဝင်ပြီး လျှောက်ထားသည့် နည်းလမ်းအတိုင်း အသုံးမပြုသောကြောင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ မြေဧရိယာ ၄၆ ဒသမ ၄၇ ဧက လွှဲပြောင်းရယူခဲ့ပြီး မြေလွတ်မြေရိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့် နှစ် ၃၀ လျှောက်ထားရရှိခဲ့သည့် မြေဧရိယာအတွင်း ပါဝင်ပါကြောင်း။
အဆိုပါမြေဧရိယာ ၄၆ ဒသမ ၄၇ ဧကအား လက်ရှိအချိန်တွင် စစ်မှုထမ်းဟောင်းမြေ နေရာအဖြစ် အသုံးပြုခွင့်ရရှိရေးကို လားရှိုး ခရိုင်နှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အမှုတွဲတည်ဆောက် တင်ပြဆောင် ရွက်လျက်ရှိပါသဖြင့် ပြန်လည်စွန့်လွှတ်ပေး နိုင်မှုမရှိပါကြောင်း၊ မူလမြေပိုင်ဆိုင်မှုစာရင်းတွင် အမည်ပေါက် ပိုင်ဆိုင်သူစာရင်း ပါရှိခြင်းမရှိသည့်အတွက် မြေယာလျော်ကြေးပေးရန် အစီ အစဉ် မရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ ပေါက်တောမြို့နယ် ချောင်းကြီးကျေးရွာ အရှေ့ဘက်၌ တည်ရှိသော ချောင်းကြီးချောင်းအား သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရခိုင် ပြည်နယ်အတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၁၄၂ ဒသမ ၈၉၂ သန်း ဖြင့် ကွန်ကရစ်လမ်း ၃ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၂၁ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၂၄ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်တံတား ၂၇ စင်း နှင့် ရေပြွန် ၆၆ စင်း ဆောင်ရွက်ပေးရန် လျာထားပါကြောင်း။
ပေါက်တောမြို့နယ်အတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၀ ဒသမ ၀၄ သန်းဖြင့် မြေသားလမ်း ၂ မိုင်နှင့် ကွန်ကရစ်တံတား ၄ စင်း ဆောင်ရွက်ပေးရန် လျာထားပါကြောင်း၊ ပေါက်တောမြို့နယ်အတွင်းရှိ ချောင်းကြီး ချောင်းကူး တံတားအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိ၍ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ နှစ်အလိုက် ပြည်နယ်၊ တိုင်းဒေသကြီး များ၏ ဦးစားပေးလျာထား တင်ပြမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ ကျွန်းလှမြို့နယ် အတွင်းရှိ သွားလာရန် ခက်ခဲသော ကုက္ကိုကုန်း - အိမ်ခြေလမ်းကို ရာသီမရွေး သွားလာနိုင် သော ကျောက်ချောလမ်းအဖြစ် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကျွန်းလှမြို့နယ်အတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၁၀ ဒသမ ၇၉၇ သန်းဖြင့် မြေသားလမ်း ၁၀ မိုင်၊ သစ်သားတံတား ၁၄ စင်းနှင့် ရေကျော် ၁၇ စင်း ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ကုက္ကိုလ် ကုန်း - ယင်းတိုက်  လမ်းပိုင်း ၂၁ မိုင် ၄ ဖာလုံသည် သစ်တောကြိုးဝိုင်း၌ ကျရောက်နေသည့် အတွက် လုပ်ငန်းဆောင်ရွက်၍ မရပါကြောင်း၊ ယင်းတိုက် - အိမ်ခြေလမ်းပိုင်း အရှည် တစ်မိုင် ၄ ဖာလုံအား ကျောက်ချောခင်းခြင်း လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိ၍ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ ကြောင်း၊ နှစ်အလိုက် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ ဦးစားပေး လျာထားတင်ပြမှု အပေါ်မူ တည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအေးဗိုလ်နှင့် ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးတို့၏ ရပ်ရွာလုံခြုံရေးနှင့် ကျေးလက်လမ်းများ ကောင်းမွန် ရေးဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက် နေ့ကို ဒီဇင်ဘာ ၅ ရက်တွင် ကျင်းပသွားရန်  လျာထားကြောင်း သိရသည်။
(သူရဇော် - သတင်းစဉ်)

No comments:

Post a Comment