Friday, December 2, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပသည်။
အစည်းအဝေးတွင် စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၏ ယခင်နိုင်ငံတော် သမ္မတ၏ ပညာတော်သင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဆက်လက် ပံ့ပိုးကူညီမှု ရှိ/မရှိနှင့် ယခုနိုင်ငံတော်သမ္မတ၏
ပညာတော်သင်ဆုရကျောင်းသား၊ ကျောင်းသူများကို မည်သည့်အချိန်တွင် ပညာတော်သင်စေလွှတ်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုရွေးချယ်ခံရသူများကို နိုင်ငံပိုင်သတင်းစာများ တွင် (၄)ကြိမ်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါရွေးချယ်ခံရသူများမှ အကြောင်း အမျိုးမျိုးကြောင့် မသွားရောက်နိုင်သဖြင့် နှုတ်ထွက်သွားသူများမှလွဲ၍ ယခင်ပညာသင် နှစ်အတွင်း သင်တန်းတက်ရောက်ရန် အကြောင်းကြားစာလက်ခံရရှိခဲ့ပြီး သတင်းစာ များတွင် ကြေညာခြင်းခံရသော ကျောင်းသား ကျောင်းသူအားလုံးကို  ပညာသင်စေ လွှတ်ပေးပါကြောင်း။
ပညာသင်စရိတ် ဆက်လက်ထောက်ပံ့ရန် ကျန်(၈၂)ဦးကို ဆက်လက်ထောက် ပံ့ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ပြည်ပ တက္ကသိုလ်အသီးသီးမှ Offer Letter ရရှိပြီးသူများအနက် မဟာသင်တန်းအတွက် (၄၃)ဦးနှင့် ပါရဂူသင်တန်းအတွက် (၂၂)ဦး စုစုပေါင်း (၆၅)ဦးတို့အား ပညာတော်သင် ဆု ချီးမြှင့်စေလွှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးက ဦးဝင်းမော်ထွန်းက မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၏ ဝန်ကြီးဌာနအလိုက်ဖြစ်စေ၊ ဦးစီးဌာနအလိုက်ဖြစ်စေ၊ နယ်မြေဒေသအလိုက်ဖြစ်စေ လမ်းတံတား လုပ်ငန်းအမျိုးမျိုး၌ စံသတ်မှတ်ချက် အမျိုးမျိုးကို တွေ့ရှိရသဖြင့် စံချိန်စံညွှန်း သတ်မှတ်ချက်များ ထားရှိခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ် မှု ဦးစီးဌာနအောက်တွင် အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနခွဲကို ဖွဲ့စည်း ထားပြီး စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာကိစ္စများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အတည်ပြုချမှတ်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် နည်းပညာဆပ်ကော်မတီ(၂၀)ခုကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါ ကြောင်း။
၎င်းဆပ်ကော်မတီများအနေဖြင့် အဆိုပြုစံချိန်စံညွှန်းပေါင်း (၇၇)ခုကို ပြုစုထား ရှိပြီးဖြစ်ပါကြောင်း၊ စံချိန်စံညွှန်း အတည်ပြုပြီးပါက မြန်မာနိုင်ငံ စံချိန်စံညွှန်းကုတ်နံပါတ် MMS ရိုက်နှိပ်ဖော်ပြ၍ အများပြည်သူအတွက် အမြန်ဆုံးထုတ်ပြန်သွားမည်ဖြစ်ပါ ကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် လမ်းများ၊ တံတားများ တည်ဆောက်ရေး လုပ်ငန်းခွင် ဆိုင်ရာ စံချိန်စံညွှန်းများနှင့် လျှပ်စစ်နှင့် အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းများကို သာမက ကဏ္ဍအလိုက် စံချိန်စံညွှန်းများသတ်မှတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား သည်။
ထို့ပြင် ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ နတ်တလင်းမဲဆန္ဒနယ်မှ ဦးခင်အေး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစောတို့၏ ပညာရေးဆိုင်ရာမေးခွန်းများကိုလည်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က ဖြေကြားခဲ့သည်။  
ထို့နောက် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း တင်သွင်းသည့် ရှမ်း ပြည်နယ် အရှေ့မြောက်ဒေသ၊ သိန္နှီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA, MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများသေကြေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာစစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာ တည်မြဲမှု၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံး ပါဝင်နိုင်ရေး အတွက် NCA တွင် လက်မှတ်ထိုးရန် ဖိတ်ခေါ်တိုက်တွန်းထားပါကြောင်း၊ NCA တွင်လာရောက် လက်မှတ်မထိုးနိုင်သေးသည့် အကြောင်းတရားကို အမြန်ဆုံးရှာဖွေရန် လိုအပ်ပါကြောင်း၊ ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများအားလုံး ရိုးသားမှုရှိရန်နှင့် အမှန်တကယ်ငြိမ်းချမ်းရေးရလို ခံစားလို စိတ်ရှိရန် အဓိကလိုအပ်ပါကြောင်း ဆွေးနွေးသည်။
ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်က ဒို့တာဝန်အရေးသုံးပါးထဲမှ တစ်ပါးပါး ကို မထိန်းနိုင်ပါက မြန်မာနိုင်ငံဆိုသည့် ဝေါဟာရသည် ကမ္ဘာမြေပြင်ပေါ်မှ ပျောက် သွားနိုင်ပါကြောင်း၊ တိုင်းရင်းသားလက်နက် ကိုင်များအနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးသမျှ ငြိမ်းချမ်းရေး မရနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေး မရနိုင်သမျှ တိုင်းရင်း သားများလိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီကို မတည်ဆောက်နိုင်ပါကြောင်း၊ ကျန်သည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်မှုမရှိပါက ငြိမ်းချမ်းရေးပျက်ပြားမည်ကို စိုးရိမ် ပါကြောင်း ဆွေးနွေးသည်။
တောင်ကြီးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဘက်တစ်ခုခုက အခြားတစ်ဖက်ကို အပြစ်တင်ဝေဖန်နေရုံဖြင့် မပြေလည်နိုင်သည်ကို အလေးအနက်သတိပြုကြရမည်ဖြစ်ပါကြောင်း၊ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ စိတ်ရင်းစေတနာမှန်ကန်မှုတို့ဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုး ကို ဦးတည်ပြီး ဘက်ပေါင်းစုံပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်စွာပြုလုပ်နိုင် ရေးသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါ ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် မဖြေရှင်းနိုင်သည့်အတွက် မတတ်သာသည့်အဆုံး လက်နက်ကိုင်ပြီး စစ်ရေး နည်းလမ်းကို ရွေးချယ်ခဲ့ရသည်ဆိုသည့် တိုင်းရင်းသားလက်နက်ကိုင်များအတွက် နိုင်ငံရေးဆွေးနွေးပွဲကြီး စတင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်က တပ်မတော် အနေ ဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေရယူလိုစိတ်အပေါ် အရင်းခံကာ စိတ်ရှည်သည်းခံလျက် ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ဒို့တာဝန်အရေးသုံးပါးအပေါ် အခြေခံပြီး နိုင်ငံ၏ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ ၃ ရပ်အပေါ်တွင်ရပ်တည်ပြီး အဖွဲ့ အစည်းမျိုးစုံနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်နေသည် ကိုလည်း အားလုံးအသိပင်ဖြစ်ပါ ကြောင်း။
စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ရပ်နှင့်အညီ လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အမြဲတမ်း လက်ကမ်းကြိုဆိုလျက်ရှိပါ ကြောင်း၊ လိုအပ်ချက်များကို နိုင်ငံရေးလမ်းကြောင်းဖြစ်သည့် အစိုးရ၊ လွှတ်တော်လမ်း ကြောင်းများကသာ ဒီမိုကရေစီနည်းလမ်းတစ်ကျ တောင်းဆိုကြရမည်ဖြစ်ပါကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲများနှင့် ၀ါဒစွဲများဖြင့် မိမိတို့၏ ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်နေခြင်းများသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်ဖြစ်နေ သည်ကို အလေးအနက် သတိပြုရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့အတူ အဆိုနှင့်စပ်လျဉ်း၍ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၊ ကလေးမဲဆန္ဒ နယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ တပ်မတော် သားကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းအောင်၊ မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးအင်ထုံး ခါးနော်ဆမ်၊ ဖရူဆိုမဲဆန္ဒနယ်မှ ဦးပဲ့ဒူ၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ အင်ဂျန်းယန် မဲဆန္ဒနယ် ဦးလမာနော်အောင်တို့လည်း အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက KIA၊ TNLA၊ MNDAA လက်နက်ကိုင်သောင်းကျန်းသူများ သည် လက်နက်ကြီး၊ လက်နက်ငယ်များကိုင်ဆောင်၍ သာလွန် အင်အားဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ မြို့များအတွင်းလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တံတားများအား မိုင်း ထောင်ဖောက်ခွဲခြင်း၊ သွားလာနေသည့်ယာဉ်များအား ရပ်တန့်ဖျက်ဆီးခြင်း၊ ဆက်ကြေး တောင်းခံခြင်း၊ လူမှုကူညီရေးအသင်းမှ ယာဉ်နှင့်လူများအားပစ်ခတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း။
လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံး သူဦးရေမှာ ယနေ့အထိ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများနှင့် ဒေသခံပြည်သူ့စစ်အပါအ၀င် စုစုပေါင်း ၁၈  ဦးကျဆုံးခဲ့ပြီး  ဒဏ်ရာရရှိသူ  စုစုပေါင်း ၇၃ဦး ရှိပါကြောင်း၊ ဒဏ်ရာရရှိသူများအား သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှုခံ ယူစေလျက် ရှိပါကြောင်း။
KIA၊ TNLA၊ MNDAA လက်နက်ကိုင်သောင်းကျန်းသူများ၏ လုပ်ရပ်သည် အကောင်အထည်ဖော်ဆောင်ရွက် နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှောင့် ယှက်ပျက်စီးစေသည့်အပြင် တည်ဆဲဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ် သတ်မှတ်နိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။
လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်လာခဲ့သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ရခြင်းမှာ အခြေခံကျသည့် နိုင်ငံရေးပြဿနာများကို ဆွေးနွေးညှိနှိုင်း၍ အပေးအယူ၊ အလျော့အတင်းများပြုလုပ်ကာ ဘုံသဘောတူ လက်ခံသည့် ဖြေရှင်းချက်များ မရှာဖွေနိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် စုပေါင်း အဖြေရှာနိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုး ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း လက်မှတ်ရေးထိုး၍ ငြိမ်းချမ်း ရေး ဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရန် တိုက်တွန်းလျက်ရှိပါကြောင်း။
ခေတ်အဆက်ဆက် နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်ရန် နှင့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သောမူဝါဒများချမှတ်နိုင်ရန်အလို့ငှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကို ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသာမက လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း ရှင်းလင်းတင်ပြသည်။
အလားတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကလည်း KIA၊ MNDAA၊ TNLA နှင့် AA အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် လွှတ်တော်က သတ်မှတ်သင့်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းအရေးကြီးအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
(သတင်းစဉ်) 

No comments:

Post a Comment