Friday, December 30, 2016

၂ဝ၁၆ ခုနှစ်စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ


မုံရွာ ဒီဇင်ဘာ ၃ဝ
၂ဝ၁၆ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ(၃ဝ)ရက်နေ့ နံနက်(၆) နာရီခွဲက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မုံရွာဂေါက်ကလပ်တွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊  တိုင်းဒေသကြီး လွှတ်တော် တရားသူကြီး ချုပ်ဦးဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ကိုယ်စားပြု၊ မြို့နယ်များကိုယ်စားပြု ဂေါက်သီးအားကစား သမားများဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

'' ဝန်ကြီးချုပ်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပတာပါ ဆုအနေနဲ့ကတော့တံခွန်စိုက်ဆု၊ အသင်းလိုက် အကြောပေး၊ အကြောမဲ့၊ တစ်ဦးချင်းအကြောပေး၊ အကြောမဲ့၊ အဝေးဆုံးရိုက်ချက်(တစ်ဦးချင်း)၊ လိုင်းနဲ့အနီးဆုံးဆု၊ အပင်နှင့် အနီးဆုံးရိုက်ချက်ဆု တွေပေးဖို့ စီစဉ်ထားပါတယ်၊ ပြိုင်ပွဲကိုတော့ (၂)ရက်ကြာ ကျင်းပသွား မှာပါ'' ဟုပြိုင်ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်ဂေါက်သီးအားကစား အသင်း များအားလိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲအားဖဲကြိုးဖြတ်၍ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက စမုတ်ဘောအားလည်ကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်  တရားသူကြီးချုပ်တို့က အဖွင့် ဂေါက်သီး(၃)လုံးတို့ကိုရိုက်ကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ကြသည်။
'' ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို နှစ်စဉ်ဝင်ရောက်ယှသ်ပြိုင်ပါတယ်၊ (၆)ယောက် တစ်အုပ်စုနဲ့ပါ၊  ဂေါက်သီးရိုက်အားကစားက ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်သလို၊ မိတ်ဆွေအပေါင်း အသင်းတွေ့ပြီး ခင်မင်ရင်းနှီးခွင့်ရတယ်၊ ဂေါက်သီးရိုက်ရင်းနဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အကြောင်း အသိပညာတွေ ဖလှယ်ခွင့်ရရှိတဲ့အတွက် ဒီအားကစားနည်းကို သဘောကျပါတယ်'' ဟု မုံရွာမြို့နယ် ကိုယ်စားပြုအသင်းမှ ဂေါက်သီးရိုက် အားကစားသမားကိုဇော်နိုင်က  ပြောသည်။
၂ဝ၁၆ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာကိုယ်စားပြုအသင်းများ၊ မြို့နယ်ကိုယ်စားပြုအသင်းများ စုစုပေါင်း(၂၁)သင်းမှ ပြိုင်ပွဲဝင် အားကစား သမား (၁၇၉)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား ဒီဇင်ဘာလ (၃ဝ)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၂)ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းဝေ(မုံရွာ)


No comments:

Post a Comment