စစ်ကိုင်းတိုင်းဒေသကြီး၊
မုံရွာမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၏ နှစ်(၅၀) ပြည့် ရွှေရတု ပွဲတော် ဖွင့်ပွဲအခမ်းအနားကို
ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊
တိုင်း/ခရိုင် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအုပ်ကြီးနှင့်
ဆရာ/ဆရာမများ၊ ကျောင်းသား/ သူဟောင်းများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ
အခမ်းအနားကို ထူးချွန် ကျောင်းသား/ကျောင်းသူ (၃)ဦးမှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြပြီး
ရွှေရတု အထိမ်းအမှတ် မော်ကွန်းမှတ်တိုင်ကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းနှင့်
တိုင်းဒေသကြီး ပညာရေး ဌာနမှ တာဝန်ရှိသူများ၊ အငြိမ်းစား ဆရာကြီးများနှင့် ဧည့်သည်တော်များက
အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
ထို့နောက်
တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များအား ဆဌမတန်း ကျောင်းသား/သူလေးများက ဘင်ခရာ၊ ပန်းပွားဖြင့်
သရုပ်ပြ ဖျော်ဖြေခဲ့ကြပြီး အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများက ရွှေရတု အထိမ်းအမှတ် ၀မ်းမြောက်ဂုဏ်ယူ
သြ၀ါဒစကားများ အသီးသီးပြောကြားရာ ကျောင်းသားဟောင်းများကိုယ်စား ကိုအောင်သူရကလည်းကောင်း၊
ကျောင်းသူဟောင်းများကိုယ်စား ဒေါ်ခင်နွဲ့ရည်ကလည်းကောင်း ကျေးဇူးတင် စကားများပြန်လည်
ပြောကြားခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ
မုံရွာမြို့ အထက(၃)ကျောင်းကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့တွင် နှစ်(၅၀)ပြည့်ရွှေရတု
အထိမ်းအမှတ်အဖြစ် ဖွင့်ပွဲအခမ်းအနားနှင့်အတူ ကျောင်းတွင်းပန်းချီပြိုင်ပွဲများ ကျင်းပပြီး
တက်ရောက်လာကြသည့် ဆရာကြီး/ဆရာမကြီးများနှင့် ဧည့်ပရိတ်သတ်များအား ကျောင်းသား/သူဟောင်းများ
(၈၆-၈၇)မှ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ ရွှေရတု အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင်
ဈေးရောင်းပွဲတော်နှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို လည်းကောင်း၊
ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား တပည့် ကျောင်းသား/ သူဟောင်းများမှ
ဂါရ၀ပြု မြတ်ဆရာ ပူဇော်ကန်တော့ခြင်း အခမ်းအနားကို လည်းကောင်း ဆက်လက် ကျင်းပ ပြုလုပ်သွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
မုံရွာ
(ပြန်/ဆက်)
No comments:
Post a Comment