Monday, December 19, 2016

ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၉
သာယာကုန်းပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော မြို့နယ်၊ ကျေးရွာများ အား ယခုထက်ပိုမို၍ လျှပ်စစ်ဓာတ်အား ခွဲဝေပေးနိုင်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သာယာကုန်းပင်မဓာတ်အားခွဲရုံရှိ ၃၀ အမ်ဗွီအေထရန်စဖော်မာ နေရာတွင်  ၆၀ အမ်ဗွီအေထရမ်စဖော်မာ အစားထိုးတပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ပြောကြားသည်။

ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာမြင့်သိန်း၏ ကျောက်တံခါးမြို့နယ် သာယာကုန်း လျှပ်စစ်ဓာတ်အားခွဲရုံအား ယခုထက်ပိုမို၍ လျှပ်စစ်ဓာတ်အားခွဲဝေပေးနိုင်ရေး အတွက် ဆောင်ရွက်မှုအခြေအနေကိုသိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ထိုသို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေးက မက်မန်းမြို့နယ်ရှိ ငှက်ယောင်း-ပန်ပွဲ-ဝမ်ကွမ်-ကျူရစ်-ပန်ကော် မြေသားလမ်း(၁၂)မိုင်၊ ရောင်အူ(၀)-ရောင်ကွန် မြေသားလမ်း (၇)မိုင်နှင့် ရောင်စောင်း-ခိုဟင် မြေသားလမ်း(၁/၃)မိုင်တို့အား ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ငှက်ယောင်း-ပန်ပွဲ-၀မ်ကွမ်-ကျူရစ်-ပန်ကော်လမ်း ၁၂ မိုင်အနက် ငှက်ယောင်းမှ ကျူရစ်အထိ ၆ မိုင် မြေလမ်းအပိုင်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေတွင် ငွေကျပ် ၁၀၃ ဒသမ ၃၉၂ သန်း လျာထားပြီးဖြစ်ပါကြောင်း။
ရောင်စောင်း-ခိုဟင် မြေသားလမ်း ၁ မိုင် ၃ ဖာလုံ အပါအ၀င် နမ့်တော် - ရောင်စောင်း- ခိုဟင်လမ်း ၆ မိုင်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေတွင် ငွေကျပ် ၁၀၃ ဒသမ ၃၉၂ သန်းဖြင့် အဆိုပြုလျာထားပြီးဖြစ် ကြောင်း။
ကျန်ရှိသော လမ်းပိုင်းများဖြစ်သည့် ရောင်အူ(၀) - ရောင်ကွန်လမ်း (၇)မိုင်နှင့် ငှက်ယောင်း- ပန်ပွဲ- ၀မ်ကွမ်- ကျူရစ်- ပန်ကော် ၆ မိုင် လမ်းအပိုင်းများအား ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ စိစစ်ထောက်ခံတင်ပြလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ် စီမံ ကိန်းတွင်ထည့်သွင်း၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်အလိုက် ဦးစားပေး အစီအစဉ်အလိုက် ရန်ပုံငွေခွင့်ပြုမှုနှင့်အညီ ထည့်သွင်းလျာထားဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားသည်။
ထို့ပြင် နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်၏ အင်ကြင်းကျောက်တူးဖော် တင်ပို့ရောင်းချနေခြင်းကို နိုင်ငံတော်နှင့် ဒေသခံများ အကျိုးအမြတ်ဖြစ် ထွန်းစေရေး အတွက် မည်ကဲ့သို့သော မူဝါဒများချမှတ်သွားမည်နှင့် မည်ကဲ့သို့သော ဈေးကွက်ဖော်ဆောင် ပေးခြင်းများပြုလုပ်ပေးမည်ကိုသိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အင်ကြင်းကျောက်၏ သဘော သဘာဝအရ သတ္တုနှင့်စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းများလို လုပ်ကွက်တစ်ကွက်အတွင်း အကြောလိုက်တည်ရှိ နေခြင်း မဟုတ်ဘဲ နေရာအနှံ့ အပြားတွင် တွေ့ရှိရသည့်အတွက် လုပ်ကွက်နေရာ သတ်သတ်မှတ်မှတ် တူးဖော်ခွင့်ပြု ရန် အခက်အခဲရှိပါကြောင်း။
သို့သော်လည်း တရားဝင်ဖြစ်စေရေးအတွက် တူးဖော်ထုတ်လုပ်ရရှိသည့် အင်ကြင်း ကျောက်များအပေါ် ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများက သတ်မှတ်သော ဒေသပေါက် ဈေးကျပ်ငွေဖြင့် ဓာတ်သတ္တုခွန်ကို သတ္တုတွင်း ဦးစီးဌာနသို့ ပေးဆောင်စေပြီး ပြည်တွင်း ပြည်ပသယ်ယူရောင်းချမှုကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း။
တရားမ၀င်တူးဖော်ရောင်းချနေသည့် အင်ကြင်းကျောက်လုပ်ငန်းများကို တရားဝင်လုပ်ငန်းများဖြစ်လာစေရေး၊ နိုင်ငံတော် အနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးလျော့ပါးမှုမဖြစ်စေရေးနှင့် တရားမ၀င်သယ်ဆောင် ရောင်းချမှုများ မရှိစေရေးအတွက် အင်ကြင်းကျောက်လုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်ကုမ္ပဏီများ ဖွဲ့စည်းလုပ်ကိုင် ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်း အပိုင်းအနေဖြင့် အချောထည်ပြုလုပ်ရန် အတွက် နည်းပညာလိုအပ်ချက်ရှိခြင်း၊ ငွေးကြေးနှင့်စက်ကိရိယာ ရင်းနှီးမြှုပ်နှံမှုပမာဏမြင့်မားခြင်း၊ ပြည်တွင်းအသုံးပြုမှု နည်းပါးပြီး ပြည်ပ ၀ယ်လက်၏ လိုအပ်ချက်ပေါ်မူတည်ပြီး ဈေးကွက်ဖြစ်တည်ရခြင်းတို့ကြောင့် ၀န်ကြီးဌာန အနေဖြင့် ချောကြမ်း (semi- finish) အဆင့်ပြုပြင်ပြီး အင်ကြင်းကျောက်များ တင်ပို့ရောင်းချခြင်းအား ဖြေလျော့၍ ခွင့်ပြုပေးပါ ကြောင်း ဖြေကြားသည်။
ယနေ့အစည်းအဝေးတွင် ဂန့်ဂေါမဲဆန္ဒနယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသအား Ecotourism (ဂေဟအကျိုးပြု ခရီးသွားလုပ်ငန်း) ဒေသအဖြစ် သတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။
အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က Ecotourism ဆိုသည်မှာ ရေမြေ၊ တောတောင်နှင့် သဘာဝပတ်ဝန်းကျင်၏ အရှိတရား၊ ပကတိအခြေအနေကို သဘာဝအတိုင်း ထိန်းသိမ်း ထားပြီး ခရီးသွားလုပ်ငန်းဖြင့် ၀င်ငွေရှာသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သဘာဝအတိုင်း ထိန်းသိမ်းနိုင်ရန်အတွက် အဓိကအနေဖြင့် ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက် အအုံများ ဆောက်လုပ်သည့်နေရာတွင် ဒေသသုံးပစ္စည်းများကို အသုံးပြုပြီး ဆောက်လုပ် ရခြင်း၊ လျှပ်စစ်သုံးစွဲရာတွင်လည်း ဆိုလာစနစ်ဖြင့်ဖြစ်စေ၊ လေအားစနစ်ဖြင့်ဖြစ်စေ အသုံးပြုရခြင်း၊ ရေကိုချွေတာသုံးစွဲရခြင်း၊ အမှိုက်စွန့်ပစ်မှုများကို အထူးပြုထိန်းသိမ်းရခြင်း၊ ရှိရင်းစွဲ သစ်ပင်၊ ရေမြေ၊ တောတောင်နှင့် တိရစ္ဆာန်များကို လုံးဝနှောက်ယှက်ဖျက် ဆီးမှု မပြုရခြင်း၊ အားကစားနည်းများထည့်သွင်းရာတွင်လည်း ကိုယ်ကာယကို အသုံးပြုသည့် စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ လှေလှော်ခြင်း စသည့် ကစားနည်းများသာ အသုံးပြုရခြင်းဆိုသည့် စည်းကမ်းများကို အထူးလိုက်နာကျင့်သုံးရပါ ကြောင်း၊ ထို့ကြောင့် အခြားခရီးသွားလုပ်ငန်းများထက် အရင်းအနှီးစိုက်ထုတ်ရမှုနည်းပါးပြီး အကျိုးအမြတ်မှာ ပိုမိုသာလွန်မည် ဖြစ်ပါကြောင်း။
ယခုဒေသအား Ecotourism ဒေသအဖြစ် သတ်မှတ်နိုင်ခဲ့ပါက ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သစ်ခိုးထုတ်မှုများကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တိုင်းပြည်အတွက် အခွန်ဝင်ငွေ တိုးတက်အောင် ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အရှည်သဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး ဒေသထွက် ပစ္စည်းများကိုလည်း တန်ဖိုးမြှင့်ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည် အတွက် အရင်းအနှီးနည်းပြီး အကျိုးအမြတ်များ သည့် စီးပွားရေးလုပ်ငန်းတစ်ရပ် ထူထောင်နိုင်မည်ဖြစ်သည့်အတွက် အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။
 ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် ပြင်ဆင်ချက် ၆ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်သူထက်-သတင်းစဉ် 

No comments:

Post a Comment