Friday, December 2, 2016

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် ဆွေးနွေးမှာကြား


ရန်ကုန် ဒီဇင်ဘာ ၁

နိုင်ငံတော်၏  စီးပွားရေးမူဝါဒတွင် အဓိက အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် ရည်မှန်းချက် များကို ကြည့်မည်ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတသည့် ဖွံ့ဖြိုးမှုရရှိရေး၊ စွမ်းရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးနှင့် တီထွင်ဆန်းသစ်မှု ရှိပြီး အစဉ်အမြဲ တိုးတက်နေရန် ထိန်းသိမ်းထားနိုင်သည့် စီးပွားရေး စနစ်ကို ထူထောင်ရေးတို့ ဖြစ်ကြောင်း  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်သည်။


ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌  ယနေ့ နံနက် ၉ နာရီခွဲတွင်  ကျင်းပသည့်  စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင်  ဒုတိယသမ္မတ က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယသမ္မတက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ (၂၂)ရက်က  နေပြည်တော် MICC(2)၌ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များကိုတွေ့ဆုံပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် စီမံဆောင်ရွက် အားပေး ခဲ့ကြောင်း၊ တစ်ဆက် တည်းမှာပင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင် များနှင့် မကြာခဏတွေ့ဆုံ ဆွေးနွေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့အပြင် မိမိအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် မှာကြားမှုအရ ယနေ့ မိမိတို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေး ကြခြင်းဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်တွေ့ ဆောင်ရွက်ကြရသည့် စီးပွားရေး လုပ်ငန်းရှင်များ ယနေ့တွေ့ကြုံရသည့် အခက်အခဲ များကို မိမိတို့သိရှိနိုင်ရန် လာရောက် နားထောင်ပြီး သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပြီး စီးပွားရေး မူဝါဒ(၁၂)ရပ်နှင့်အတူ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို ကဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဆက်လက် ပြောကြားသည်။

ထို့အတူ နိုင်ငံတော်၏ အမျိုးသားအဆင့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍအလိုက် မူဝါဒ၊ လုပ်ငန်းစဉ် များရေးဆွဲပြီး ဆက်လက် အကောင်အထည်ဖော်နေပါကြောင်း၊ စီးပွားရေး မူဝါဒ၏ အဓိက ကျသော ကဏ္ဍဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး နိုင်ငံစီးပွားရေး တိုးတက်ဖော်ဆောင်နိုင်ရန် ရင်းနှီး မြှုပ်နှံမှုမူဝါဒများ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ နည်းဥပဒေနှင့် အမိန့်ကြေညာချက်များကို လည်း မကြာခင်ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်အရ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ မူဘောင်နှင့်အညီ လာမည့်နှစ်သစ်တွင် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး အချိုးညီဖွံ့ဖြိုးတိုးတက် စေရန် ဇုန်(၁)၊ ဇုန်(၂)၊ ဇုန်(၃) ဟူ၍ ဇုန်အလိုက်ခွဲခြားပြီး ကွဲပြားသည့် အခွန် သက်သာခွင့်များအား ဇုန်အလိုက် သက်မှတ်ထား သည်ကို တွေ့ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတက  ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကို ပြီးခဲ့သည့် နိုဝင်ဘာ (၂၈)ရက်က ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတော်တွင် အဓိက ဆောင်ရွက်မည့် မူဝါဒများနှင့် ပတ်သက်ပြီး လုပ်ဆောင် ရမည့် လုပ်ငန်းများနှင့် မဏ္ဍိုင်များလည်းရှိကြောင်း၊ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသည် အလွန်ကျယ်ဝန်းသည့်အတွက် စနစ်တကျဆောင်ရွက်ရန် လမ်းပြမြေပုံလိုအပ်ပါ ကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး မူဘောင်နှင့် လုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာ ဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ရေးဆွဲခဲ့ပါကြောင်း၊ မဏ္ဍိုင်(၅) ရပ်ဆိုသည်မှာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးမဏ္ဍိုင်၊ ငွေကြေးရရှိ စေနိုင်မှု ဆိုင်ရာ ဆောင်ရွက်ရေးမဏ္ဍိုင်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအားပေးမြှင့်တင်ရေး မဏ္ဍိုင်၊ စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ နိုင်ငံ၏ အခန်းကဏ္ဍပြန်လည် ရေးဆွဲရေးမဏ္ဍိုင်နှင့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးမဏ္ဍိုင်တို့ ပါဝင်ကြောင်း၊ ၎င်းမဏ္ဍိုင် (၅)ရပ်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၅)ခု ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒုတိယသမ္မတက ဥပဒေလုပ်ထုံးလုပ်နည်းများ အလေ့အထများသည် လည်း ဒေသတွင်းနှင့်  နိုင်ငံတကာစံနှုန်းများဖြင့် မကိုက်ညီဘဲ ခေတ်မမီတော့ခြင်း စသည့် အားနည်းချက်များကို မြန်ဆန် ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန် ယခုကဲ့သို့ ဆွေးနွေးပွဲများမှ ညှိနှိုင်းအဖြေရှာ ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းရာတွင်လည်း ချက်ချင်း ဖြေရှင်းရ နိုင်သောကိစ္စများကို အချိန်မဆိုင်းဘဲ ဖြေရှင်းဆောင်ရွက်ပေးရန်၊ လတ်တလော ဖြေရှင်း မရသေးသော ကိစ္စများရှိလျှင်လည်း မြန်မြန်ဖြေရှင်းပေးနိုင်လေ တိုင်းပြည်နှင့် ပြည်သူအကျိုး မြန်မြန်ရှိလေဆိုသည့် စိတ်ဓာတ်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့်  ချက်ချင်းပြန်လည် ဆွေးနွေးသုံးသပ်ပြီး အမြန်ဆုံးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းကြရန်၊ အစိုးရဌာနများ အနေဖြင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူရှင်းလင်းသည့် စနစ်၊ ပွင့်လင်းမြင်သာသော စနစ်များနှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေး အဂတိတရား ကင်းကင်းဖြင့် ဆောင်ရွက် ကြရန်၊  ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တိုးတက်မှုကို ရှေးရှုမှုနှင့်အတူ မိမိပါဝင်သည့် စီးပွားရေး ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရန်၊  မိမိလုပ်ငန်း နှင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဆက်စပ်ပတ်သက်သည့် လူမှုစီးပွား ဝန်းကျင် တစ်ခုလုံးကိုပါ အတူတကွ ဖွံ့ဖြိုး တိုးတက်စေပြီး နိုင်ငံစီးပွားရေး တစ်ခုလုံးကိုပါ အထောက်အကူ ဖြစ်စေမည့် စီးပွားရေး သမားကောင်းများ ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူ များနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များက တရားမဝင်ကုန်သွယ်မှုကဏ္ဍ၊ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲလှယ်နှုန်းကိစ္စ၊ ဆန်၊ ပဲ၊ နှမ်း၊ ရေထွက်ပစ္စည်း၊ မွေးမြူရေး၊ သစ်တောထွက်ပစ္စည်း၊ အထည်အလိပ်၊ ခရီးသွားလုပ်ငန်းစသည့် ပို့ကုန် မြှင့်တင်ရေးကဏ္ဍများ၊ ရန်ကုန်မြို့သစ် စီမံကိန်း ကဏ္ဍနှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်အထွေထွေ ကိစ္စရပ်များကို  ဆွေးနွေး တင်ပြကြရာ ဒုတိယ သမ္မတက ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ နှင့် ညီနောင်အသင်း အဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 


(သတင်းစဉ်)

No comments:

Post a Comment