စင်ကာပူ ဒီဇင်ဘာ ၁
စင်ကာပူနိုင်ငံတွင်
ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန်
ယနေ့နံနက် ၈ နာရီတွင် ခေတ္တတည်း ခိုရာ ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံ ၀ါရင့်ဝန်ကြီး
မစ္စတာ ဂိုချောက်ထောင်နှင့် အလုပ်သဘော နံနက်စာစားပွဲတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဒေါက်တာသန်းမြင့် နှင့် နိုင်ငံခြားရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး ဧည့်သည် တော်နှင့်အတူ စင်ကာပူ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာ ကရစ်ရှ်နန်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ
သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့လည်း တက်ရောက် ကြသည်။
ယင်းသို့
တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု
ကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးကြသည်။
ယင်းနောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူ အမျိုးသားသစ်ခွ ဥယျာဉ်သို့
ရောက်ရှိကြပြီး သစ်ခွအမည်ပေး အခမ်းအနားသို့ တက်ရောက်ရာ အမျိုးသားသစ်ခွဥယျာဉ် အမှုဆောင်အရာရှိချုပ်နှင့်
တာဝန်ရှိသူများက သစ်ခွဥယျာဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အမျိုးသား
သစ်ခွဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။
အဆိုပါ
သစ်ခွမျိုးစိတ်သစ်၏ ဂုဏ်ပြုအမည်မှာ Papilionanda Aung San Suu Kyi ဖြစ်ပြီး
စင်ကာပူနိုင်ငံသို့ အလည်အပတ်လာရောက်ကြသည့် နိုင်ငံခေါင်းဆောင် များအား
ဂုဏ်ပြုသော အားဖြင့် သစ်ခွပန်းများအား အမှတ်တရ အမည်ပေး စိုက်ပျိုးထိန်းသိမ်းမှုကို
၁၉၅၆ ခုနှစ်မှစတင်ပြီး National Orchid Garden တွင် အစဉ်အလာ တစ်ရပ်အဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းနောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် သမ္မတ အိမ်တော်သို့ ရောက်ရှိကြပြီး
စင်ကာပူနိုင်ငံ ခေတ္တသမ္မတ မစ္စတာ ဂျိုးဆက်ပ် ယူဗာရတ်ဂ်ျ ပီးလေးနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင်
မြန်မာနိုင်ငံ၏ ပညာရေး ၊ ကျန်းမာရေး၊ လူဦးရေနှင့် စီးပွားရေး အခြေအနေနှင့် ဘက်စုံကဏ္ဍစုံတွင်
ဖွံ့ဖြိုးတိုးတက်လာစေရေး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊
ဒေသဆိုင်ရာ အဖွဲ့ အစည်းများတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆက်လက် ပူးပေါင်း
ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့်
အမျိုးသား လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး မစ္စတာ တိုချီဟင်းန် က တည်ခင်းဧည့်ခံသည့်
ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူ နိုင်ငံ အကျင့်ပျက်
လာဘ်စားမှု စုံစမ်းစစ်ဆေးရေး ဌာနသို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူး မစ္စတာ ၀ုန်ဟုန်ကွမ်နှင့်
တာဝန်ရှိသူများက အဆိုပါဌာန၏ ဖွဲ့စည်းပုံနှင့် နောက်ခံသမိုင်းကြောင်း ၊ လုပ်ငန်းဆောင်ရွက်ချက် ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်
ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏
အတိုင်ပင်ခံ ပုဂ္ဂိုလ်က သိရှိလိုသည် များကို မေးမြန်းသည်။
စင်ကာပူနိုင်ငံ
အစိုးရအဖွဲ့နှင့် အစိုးရရုံးများသည် ပွင့်လင်းမြင်သာမှုရှိပြီး အဂတိ လိုက်စားမှုတွင်
အနိမ့်ဆုံးဖြစ်ကြောင်း၊ Transparency International ၏ ၂၀၁၅ ခုနှစ် စစ်တမ်းအရ
နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် စင်ကာပူနိုင်ငံမှ အဆင့် (၈) နေရာတွင် ရှိသည့်အတွက်
အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင်
အဂတိလိုက်စားမှုများမှာ အဖွဲ့အစည်းပုံစံမဟုတ်ဘဲ သီးခြား အဖြစ်အပျက်များ
အနေဖြင့်သာတွေ့ရကြောင်း၊ တိုင်ကြားမှုများ၏ ၇၅%မှာ တစ်သီး ပုဂ္ဂလတိုင်ကြား
မှုများဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း တိုင်ကြားမှု(၁၁)မှုသာ ရှိကြောင်း၊ စင်ကာပူ နိုင်ငံတွင်
အဂတိလိုက်စားမှုအား တိုက်ဖျက်ရာတွင် ထိရောက် အောင်မြင်မှုမှာ အစိုးရ ၏
ထိရောက်စွာအရေးယူ ကိုင်တွယ်ခြင်း၊ ထိရောက်သည့် ဥပဒေရှိပြီး ဥပဒေအား တိကျစွာ လိုက်နာကျင့်သုံးမှုရှိခြင်း၊
လွတ်လပ်သော တရားစီရင်မှုရှိခြင်းနှင့် ပြည်သူ များမှ ပူးပေါင်းပါဝင်မှုရှိခြင်း တို့ကြောင့်ဖြစ်ကြောင်း
သိရသည်။
ညနေပိုင်းတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် Singapore's Asian
Civilization Museum သို့ ရောက်ရှိကြပြီး မြို့တော်များနှင့်
ဘုရင်များ "မြန်မာနိုင်ငံမှ ရှေးဟောင်းရတနာများ" ပြခန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့
စင်ကာပူနိုင်ငံဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Singapore's
Asian Civilization Museum မှ ဒါရိုက်တာဖြစ်သူ မစ္စတာ ကင်န်နီတင်၊ စင်ကာပူနိုင်ငံ လူမှု
အသိုက်အ၀န်း၊ ယဉ်ကျေးမှုနှင့် လူငယ်ရေးရာဝန်ကြီး မစ္စစ် ဂရေ့စ်ဖူနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်တင်တို့က အဖွင့် အမှာစကားများ ပြောကြားကြသည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ နိုင်ငံဝန်ကြီးချုပ်
မစ္စတာ လီရှန်လုံးတို့သည် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဗီနိုင်းပေါ်တွင် လက်မှတ်ရေးထိုးပေးကြသည်။
ယင်းနောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံရှိ မြန်မာ သံရုံးသို့ ရောက်ရှိပြီး
မြန်မာသံရုံ ၊ စစ်သံရုံး ၀န်ထမ်းမိသားစုများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြန်မာသံအမတ်ကြီး ဦးဌေးအောင်က စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ သမိုင်းကြောင်းနှင့်
လက်ရှိအချိန်အထိ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများ စင်ကာပူရောက် မြန်မာနိုင်ငံသား
အလုပ်သမားများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြား သည်။
ယင်းနောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဌေးအောင်
တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက် သည်။
ညပိုင်းတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Jurong East သို့ ရောက်ရှိကြပြီး စင်ကာပူနိုင်ငံရောက်
မြန်မာ အသိုက်အ၀န်းနှင့် တွေ့ဆုံသည်။
ယင်းသို့
တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ၌ စင်ကာပူနိုင်ငံတွင်
ရောက်ရှိနေသည့် နိုင်ငံသားများ၏ တာဝန်ကျေပွန်မှု၊ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများအပေါ်
ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိအစိုးရ၏ မူဝါဒနှင့် လုပ်ငန်း ရည်ရွယ်ချက်များတွင် အဓိက
ကျသည့် အချက်ကြီး နှစ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ။
ပြည်သူပြည်သားများ
တစ်ယောက်ချင်းစီ၏ အင်အားများသည် မိမိနိုင်ငံ၏ စွမ်းအားဖြစ်သည့်အတွက် မိမိကိုယ်ကို အင်အားရှိအောင်
ကြိုးပမ်းစေလိုကြောင်း၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည့် အရည် အချင်းဖြင့် တိုးတက်အောင်
ကြိုးပမ်းကြရန် တိုက်တွန်းလိုပါကြောင်း ၊ မိမိရောက်ရှိနေသည့် နိုင်ငံပေါ် မူတည်၍ အကောင်းဆုံးသော
အခြေအနေကောင်းများ ရယူပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်စေ လိုပါကြောင်း၊
မိမိတို့မွေးမြူထားသည့် သားသမီးများကို မိမိနိုင်ငံအပေါ် မေ့လျော့ မသွားစေရန်၊ နိုင်ငံချစ်စိတ်ဖြင့်
ပြုစုပျိုးထောင်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း ။
သမိုင်းတစ်လျှောက်လုံးတွင်
ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့သည့် ကိစ္စတိုင်း၌ အောင်မြင်မှု ရရှိခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း
၊ ထို့ကြောင့် မိမိတို့နိုင်ငံသူ နိုင်ငံသား အားလုံးတွင် နိုင်ငံဖွံ့ဖြိုး တိုးတက်စေရန်အတွက်
ဝိုင်းဝန်းပူးပေါင်းကာ တက်ညီ လက်ညီ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ယင်းနောက်
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ ကိုယ်စား မြန်မာကလပ် (စင်ကာပူ) ဥက္ကဋ္ဌ ဒေါက်တာမြတ်မော်ထွန်းက
မေးခွန်းများကိုမေးမြန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment