Tuesday, November 15, 2016

မြန်မာနိုင်ငံတွင် ရောဂါထိန်းချုပ်ရေး ဗဟိုဌာန (Myanmar CDC) တည်ထောင်နိုင်ရေး ဆွေးနွေး



 နေပြည်တော် နိုဝင်ဘာ ၁၅

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ တာဝန်ရှိသူများနှင့် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန Centers for Disease Control and Prevention (US CDC) မှ တာဝန်ရှိသူများ တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ရောဂါထိန်းချုပ်ရေး ဗဟိုဌာန၊ (Myanmar CDC) တည်ထောင်နိုင်ရေးအတွက် ပြုလုပ်သော ဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားသည်။



ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံရှိ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန၊ US CDC ကဲ့သို့ အစစအရာရာ ပြည့်စုံစေရန် လတ်တလောတွင် မဖြစ်နိုင်သေးသော်လည်း များမကြာမီနှစ်များတွင် မြန်မာ ပြည်သူများအတွက် US CDC ကဲ့သို့ ရောဂါများကို ကာကွယ်နိုင်မည့်၊ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်မည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တည်ထောင်နိုင်ရန် မျှော်လင့်ထားပါကြောင်း၊ အဆိုပါ ဌာနအနေဖြင့် ကူးစက်တတ်သော ရောဂါများကို သာမက မကူးစက် တတ်သော ရောဂါများ (ဥပမာ- သွေးတိုး၊ နှလုံး၊ ဆီးချို) စသည့် ရောဂါများကိုပါ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပါကြောင်း၊


ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် (Myanmar CDC) အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများအတွက် လက်တွေ့ကပ်ရောဂါဗေဒနှင့် အခြားလက်တွေ့ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပေးခြင်း ရောဂါဗေဒဆိုင်ရာ ရည်ညွှန်းဓါတ်ခွဲခန်းများအဖြစ် ဆောင်ရွက်ပေးခြင်း၊ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ပုံမှန်ထက်ပို၍ ထူးကဲစွာ ရောဂါဖြစ်ပွားမှု အခြေအနေများကို ထိန်းချုပ်ရာတွင် အချိန်နှင့်တပြေးညီ ဦးဆောင် ကွပ်ကဲမှုပေးနိုင်မည့် ဌာနအဖြစ် ဆောင်ရွက်ခြင်း၊ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များကို ချမှတ်ပေးခြင်း၊ ရောဂါနှိမ်နှင်းရေး လုပ်ငန်းများကို ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း စသောလုပ်ငန်းများကို ဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊


မြန်မာနိုင်ငံအနေဖြင့် လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံ စောင့်ရှောက်မှုစနစ်များ ရရှိစေရန် ဆောင်ရွက်ရာတွင် မလိုလားအပ်သော ရောဂါဆန်းများ၊ ပုံမှန်ထက်ထူးကဲစွာ ရောဂါဖြစ်ပွားမှု အခြေအနေ များသည် ဆောင်ရွက်ဆဲ လုပ်ငန်းများကို နှေးကွေးစေနိုင်သည့်အတွက် (Myanmar CDC )ကဲ့သို့ ဌာနသည် အဆိုပါ အခြေအနေများကို ရင်ဆိုင် ဖြေရှင်းရာတွင် အလွန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊


Myanmar CDC အဖြစ် ပေါ်ပေါက်လာရန် လုပ်ဆောင်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ဦးစားပေး ဆောင်ရွက်ရမည့် အခြေအနေများ လက်တွေ့လုပ်ဆောင်နိုင်မည့် လုပ်ငန်းများပေါ် မှုတည်၍ အဆင့်လိုက် လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ပြီး အားလုံးအတူတကွ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်လျှင် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်းမှာ များမကြာမီ ကာလအတွင်း အဆင့်မြင့်လာမည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်) ဒေါက်တာ သန်းထွန်းအောင်မှ မြန်မာနိုင်ငံတွင် ရောဂါထိန်းချုပ်ရေး ဗဟိုဌာန (Myanmar CDC) တည်ထောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန Centers for Disease Control and Prevention (US CDC) မှ တာဝန်ရှိသူများမှ အကြံပြုဆွေးနွေးကြသည်။


ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုသား ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှုဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ US CDC မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တည်ထောင်နိုင်ရေး အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



(သတင်းစဉ်)

No comments:

Post a Comment