Tuesday, November 15, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဝင်များ နှင့်တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအထူးစီးပွား ရေးဇုန်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဗဟိုလုပ်ငန်း အဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှု ကော်မတီဝင်များ နှင့် ယနေ့ နံနက် (၁၀)နာရီ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ပြည်သူပြည်သားများ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေထိုင်နိုင်ရန် အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် အဓိကဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ရုပ်ပိုင်းဆိုင်ရာ အရ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သလို အခြားစိတ်ပိုင်း ဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ၊ အနုပညာပိုင်းဆိုင်ရာ တိုးတက်မှုလည်း မရှိနိုင်ပါကြောင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းရန် ပြည်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အလုံအလောက် ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးဇုန်များကို တည်ဆောက်ရာတွင် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုအတွက် ပံ့ပိုးပေးနိုင်ရေးကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်မှုရရန် စီးပွားရေး ဇုန်များ ဖွံ့ဖြိုး တိုးတက်မှုသည် များစွာအရေးကြီးပါကြောင်း၊ ယခုရေတိုအတွင်း ဖြစ်မြောက် အောင် လုပ်ကိုင်ရမည့် ကိစ္စသည် အလုပ်အကိုင် အခွင့်အလမ်း ဖြစ်ပါကြောင်း၊ အလုပ်အကိုင် မရှိခြင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသာမက လူသားများ၏ အကျင့် စာရိတ္တကို ပျက်စီးစေပါကြောင်း၊ အကျင့်စာရိတ္တ မကောင်းပါက မည်သို့မျှ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံကိုထူထောင်နိုင်မည် မဟုတ်ပါကြောင်း၊ ပြည်သူလူထု အတွက် ပညာရေးနှင့် ကျန်းမာရေး စနစ်ကို ပြည့်ပြည့်စုံစုံ ပံ့ပိုးပေးနိုင်ရန် ငွေကြေးတောင့်တင်းရေးသည် အရေးကြီးပါကြောင်း၊ မိမိတို့ ပြည်သူများ ဖူဖူလုံလုံ ပြည့်ပြည်စုံစုံ ဖြစ်အောင် အချိန်တိုတွင်း ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြုပ်နှံထားသည့် နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများ၏ အောင်မြင်မှုဖြင့် မိမိတို့နိုင်ငံ၏ တည်ငြိမ်မှုနှင့်စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် နိုင်ငံတကာမှ ယုံကြည်မှုရရှိရေး ကိုလည်း တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊ အထူး စီးပွားရေးဇုန်များသည် နိုင်ငံရေးနှင့် စီးပွားရေးအရ သိမ်မွေ့သည့် နေရာတွင် ရှိပါကြောင်း၊

မိမိတို့ အထူးစီးပွားရေးဇုန်များနှင့် စပ်လျဉ်း၍ သတိပြုရမည်မှာ လုပ်ရမည့်ကိစ္စ မလုပ်ခြင်း၊ အမုန်းမခံနိုင်ခြင်း၊ ကျွမ်းကျင်ပိုင်နိုင်မှု မရှိခြင်းနှင့် လုပ်ငန်းကို ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်မှု မရှိခြင်းတို့ကြောင့် နောက်ဆုံးတွင် မိမိတို့ပြည်သူများ နစ်နာမည်ကို စိုးရိမ်မိပါကြောင်း။

ယခုစီးပွားရေးဇုန်များသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေး စီမံကိန်းများဖြစ်ပါကြောင်း၊ ရှေ့ပြေးကောင်းမှ အနာဂတ်ကောင်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းလက်တွေ့ အကောင် အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြ ကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက အထူး စီးပွားရေးဇုန်များသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက် ဆက်စပ်မှုရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် သီလ၀ါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင်များ အနေဖြင့် စေတနာ ရှေ့ထားပြီး ပေးဆပ်လိုမှုဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက် သွားကြရန် ပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်၊ ထားဝယ် အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် တို့က ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးဖေဇင်ထွန်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တို့က အထူး စီးပွားရေးဇုန်များ  ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ အဆောက်အအုံဆိုင်ရာ ကိစ္စများနှင့် ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်သင့်သည်များကို ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းပေးသည်။


(သတင်းစဉ်)

No comments:

Post a Comment