Friday, November 4, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး Mr. Guo Sheng Kun နှင့် တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၃

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၂ ရက် နံနက် ဒေသစံတော်ချိန် ၁၁ နာရီခွဲတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး Mr. Guo Sheng Kun နှင့် ၀န်ကြီးရုံး အဆောက်အဦတွင် တွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံထိစပ်နေသည့် ကုန်းမြေနယ်နိမိတ် ကီလိုမီတာ ၂၀၀၀ ကျော်တွင် တပ်မတော်က လုံခြုံရေး တာဝန်ထမ်းဆောင်မှု၊ မဲခေါင်မြစ် ကြောင်းအတွင်း ရေကြောင်း ထိစပ်နေသည့် နေရာများတွင် မြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးဆောင်ရွက်မှု အခြေအနေများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ကိစ္စရပ်များ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ ရပ်များနှင့် အဓိကအားဖြင့် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်သူ့လုံခြုံရေး ၀န်ကြီးက မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့မှ အထူး လေယာဉ်ဖြင့် ကွမ်းတုန် ပြည်နယ်သို့ ရောက်ရှိပြီး တောင်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှု ဌာနချုပ် နိုင်ငံရေးမှူး General Wei Liang တို့ တွေ့ဆုံဆွေးနွေးကြသည်။
           
ထို့နောက် တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် နိုင်ငံရေးမှူးက မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။
           
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Da Shuai Fu သင်္ဘောဆိပ်သို့ သွားရောက်၍ ပုလဲမြစ် ခေါ် Zhu Jiang မြစ်အတွင်း အပျော်စီး သင်္ဘောဖြင့် လှည့်လည်ကြည့်ရှုကြသည်။
           
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Huang Pu ဆိပ်ကမ်းရှိ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ရေတပ် သင်္ဘောလွန်းကျင်းသို့ ရောက်ရှိပြီး ဆိပ်ကမ်းတွင် ဆိုက်ကပ်ထား သည့် ရေငုပ်သင်္ဘောကို ကြည့်ရှုလေ့လာကြသည်။
           
ထို့နောက် တုံရှမ်းစစ်မှုထမ်းဟောင်း အိမ်ရာကို ကြည့်ရှု လေ့လာကြသည်။
           
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့မှ ထွက်ခွာရာ ညနေ ၄ နာရီခွဲတွင် ရန်ကုန် မြို့သို့ ရောက်ရှိကြသည်။

(သတင်းစဉ်)

No comments:

Post a Comment