Friday, November 4, 2016

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ လက်ရှိဆောင်ရွက် ထားသည့် အခြေအနေများကို သိရှိနိုင်ရန်အတွက် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အချို့၏ မေတ္တာရပ်ခံချက်အတိုင်း အစိုးရမှ ဖြည်ဆည်းပေးနိုင်ဟု လေ့လာခဲ့သူများ ပြောကြား

 စစ်တွေ နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် မောင်တောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ နှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ လက်ရှိဆောင်ရွက်ထားသည့် အခြေအနေများကို သိရှိနိုင်ရန်နှင့် အခြေအနေကို ကွင်းဆင်း လေ့လာရန်အတွက် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူး နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် ယနေ့နံနက် ၈နာရီခွဲက စစ်တွေမြို့ရှိ  ပြည်နယ် အစိုးရ ဧည့်ဂေဟာတွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် တို့နှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် အကူအညီပေးနိုင်မည် အခြေအနေ များကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်၍ UNDP ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် စစ်တွေမြို့မှ ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ်ရှိ ရခိုင်လူမျိုးများ နေထိုင်သည့် မောရ၀တီ ကျေးရွာသို့ သွားရောက်ကာ လက်ရှိနေထိုင်လျက် ရှိသည့် အခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ဇော်မတက် ကျေးရွာသို့ သွားရောက်ပြီး နယ်မြေအေးချမ်းမှု အခြေအနေ၊ နေထိုင်စားသောက်မှုနှင့် ပညာရေး အခြေအနေတို့ကို တွေ့ဆုံမေးမြန်းရာ ဒေသခံများက ငြိမ်းချမ်းမှုရှိကြောင်း၊ ယခုဖြစ်ပွားသည့် အကြမ်းဖက်မှုတွင် ပါဝင်ခြင်း မရှိကြောင်း၊ ဥပဒေနှင့်အညီ နေထိုင်၍ အဆင်ပြေ အေးချမ်းစွာ နေထိုင်လျက် ရှိကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်၍ UNDP ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် အစ္စလာမ် ဘာသာဝင်များနှင့် ရခိုင် လူမျိုးများ အတူတကွနေထိုင်သည့် အလယ်သံကျော် ကျေးရွာသို့ သွားရောက်ကြည့်ရှုသည်။ အလယ် သံကျော်ကျေးရွာအုပ်စုတွင် လူဦးရေ ၁၁၀၀၀ ကျော် နေထိုင်ပြီး ရခိုင်တိုင်းရင်းသား အနည်းငယ်သာ နေထိုင်သော်လည်း အစ္စလာမ် ဘာသာဝင်များ နှင့် အတူတကွ ရင်းနှီးခင်မင်စွာ နေထိုင်လျက် ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်ဝင်ရောက်စီးနင်းခံရသည့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက်ရဲစခန်းနှင့် ကိုးတန်ကောက် ကျေးရွာတို့သို့ သွားရောက် ခဲ့သည်။ ကိုးတန် ကောက်ကျေးရွာတွင် အစ္စလာမ် ဘာသာဝင်များသာ နေထိုင်ပြီးသွားရောက် တွေ့ဆုံရာတွင် ကျေးရွာသားများက အင်္ဂလိပ်စာ ဘာသာစကားဖြင့် ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြသည်။ ညနေ ၄ နာရီတွင် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူး နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အချို့သည် ရခိုင်ပြည်နယ် လွှတ်တော်ရုံးခန်းမ၌ ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် တွေ့ဆုံသည်။

ဆက်လက်၍ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူး နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် မောင်တောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများသို့ နှစ်ရက်တာ သွားရောက် လေ့လာခဲ့သည့် အခြေအနေကို ရှင်းလင်းရန် သတင်း မီဒီယာများနှင့် စစ်တွေ လေဆိပ်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် UNDP ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက  အကြမ်းဖက် ဖြစ်စဉ်ကြောင့် ကျေးရွာများအား စွန့်ခွာထွက်ပြေးသူများ၏ လိုအပ်ချက်ကို ကူညီပေးရန် အစိုးရအား အကြံပြုခဲ့ကြောင်း၊ ထွက်ပြေး တိမ်းရှောင်သူများသည် ကိုယ့်ရပ်ကိုယ်ရွာသို့ ပြန်လာစ ပြုနေပြီ ဖြစ်ကြောင်း၊ ထို့သို့ပြန်လည် ရောက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် စောင့်ကြည့်လေ့လာရန် အစိုးရက ခွင့်ပြုခဲ့ကြောင်း၊ ရပ်ဆိုင်းထားသည့် အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း၊ မိမိတို့သည့် စုံစမ်း စစ်ဆေးရေး အဖွဲ့မဟုတ်ဘဲ အခြေအနေကို လာရောက်လေ့လာ သုံးသပ်ခြင်းသာ ဖြစ်ကြောင်း၊

မြေပြင်အခြေအနေကို လေ့လာခြင်းဖြစ်ပြီး အစိုးရနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် မိမိတို့ အနေဖြင့် အခွင့်အရေးများ ရရှိခဲ့ပါကြောင်း၊ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ အားလုံးကို အဖြေရှာရန် အစိုးရနှင့် ညှိနှိုင်းခဲ့ပြီးဖြစ်ကြောင်း၊ စွပ်စွဲချက်များ ဟုတ်၊ မဟုတ် ကို သေချာပြော၍ မရသေးကြောင်း၊ တွေ့ရှိရသည့် ဖြစ်စဉ်တွင် မည်သည့် အမျိုးသမီး တစ်ဦးတစ်ယောက်မှ အဓမ္မ ပြုကျင့်ခံရသည်ဟု မပြောခဲ့ကြောင်း၊ အရေးကြီးသည့် အရာမှာ တရားဥပဒေ စိုးမိုးရေးကို လိုက်နာရန်  ဖြစ်ကြောင်း၊ လုံခြုံရေးအတွက် စီမံချက်ချ ဆောင်ရွက်နေသည်များလည်း ရှိပါကြောင်း၊ မည်သည့်နိုင်ငံမဆို ယခုကဲ့သို့ တိုက်ခိုက်မှုများ ရှိလာပါ လုံခြုံရေး အရေးယူ ဆောင်ရွက်မှုများရှိမည် ဖြစ်ကြောင်း၊

အစိုးရအနေဖြင့် ယခုလက်ရှိတွင် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးကို လိုက်နာဆဲဖြစ်ပြီး ဆက်လက် လိုက်နာရန် တိုက်တွန်းခဲ့ကြောင်း၊ မိမိတို့ သွားချင်သည့် ရွာများအား အစိုးရထံ မေတ္တာရပ်ခံခဲ့ရာ အစိုးရမှ လည်းမိမိတို့ ဆန္ဒအတိုင်း လိုက်လံပို့ဆောင်ခဲ့ကြောင်း၊ စွပ်စွဲမှုများ ရှိနေသော်လည်း  အစိုးရအနေဖြင့် ကန့်သတ်ချက်များ မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့သွားချင်သည့် နေရာနှင့်  တွေ့ဆုံမှု တောင်းခံခဲ့သည်များလည်း ရရှိခဲ့ကြောင်း၊ စွပ်စွဲမှုများ မှန်ကန်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနိုင်ရန် နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက်ခွင့်ရရန် အစိုးရကို တိုက်တွန်းခဲ့ကြောင်း၊ မိမိတို့ တွေ့ဆုံခဲ့သည့် အစိုးရတာဝန်ခံ အရာရှိကြီးများ အားလုံးမိမိတို့၏ အကြံပြုချက်များအပေါ် လက်ခံရန် အသင့်ရှိကြောင်း၊ မိမိတို့ တွေ့ဆုံခဲ့သည့် သူများသည် ၄င်းတို့ ပြောချင်သည်များကို ပြောခွင့်ရကြောင်း၊ လေ့လာသူများ၊ စုံစမ်းစစ်ဆေးမည့် သူများ လာရောက်ရန် အခွင်များလည်း ရရှိခဲ့ပါကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် ညနေပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။

(သတင်းစဉ်) 

No comments:

Post a Comment