Sunday, November 27, 2016

KIA ၊ TNLA ၊ MNDAA လက်နက်ကိုင် အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ၊ ပြည်ထောင်စု ကားလမ်းမကြီး တွင်လည်း မိုင်းခွဲ ဖျက်ဆီး မှုပြုလုပ်




နေပြည်တော် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ယမန်နေ့က KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း မိုင်းဖြင့်ဖောက်ခွဲ ဖျက်ဆီး ခံရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

ကွတ်ခိုင်မြို့နယ် ကောင်ခါးမိန်ပြိန်းအုပ်စု ပန်နိမ်ရွာမှ ဒေါ်အေမန်သည် မန်လွယ်ကျေး ရွာနှင့် နမ့်ဖလွန်းကျေးရွာကြားရှိ ၎င်းပိုင်ပြောင်းခြံ တွင် ပြောင်းဖူးချိုးနေ စဉ် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က KIA ၊ TNLA လက်နက် ကိုင် အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဝဲဘက်ရင်အုံ တွင် သေနတ်ဖောက် ဝင်ပြီး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့သဖြင့် နမ့်ဖတ်ကာရွာရှိ မေတ္တာရှင် လူမှုကူညီရေး အသင်းက နမ့်ဖတ်ကာဆေးရုံမှတစ်ဆင့် မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
ထို့ပြင် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ရွာအနီးရှိ နမ့်ခိုင်တံတားရဲကင်းအား KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့က မန်လွယ်ကျေးရွာဘက်မှ လက်နက်ငယ်များဖြင့် ၃ မိနစ်ခန့် လာရောက် ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြန်လည်ပစ်ခတ် သဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ၎င်းဖြစ်စဉ်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များသည် ယမန်နေ့ ည ၈ နာရီ မိနစ် ၅ဝ ခန့်ကလည်း လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ်(၂၃) တစ်ဝိုက်ရှိ စံလောင်းကျေးရွာအနီးတွင် ကားလမ်းအား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ရာ အချင်း ၁ ပေ၊ အနက် ၈ လက်မ ခန့်ရှိ မြေကျင်း နှစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment