Sunday, November 27, 2016

မြန်မာ - တရုတ် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများ ဦးဆောင် ဆွေးနွေးသည့် အဆင့်မြင့် ဆွေးနွေးပွဲဆိုင်ရာ သတင်း ထုတ်ပြန်ချက်



နေပြည်တော် နိုဝင်ဘာ ၂၆
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂ + ၂ )အဆင့်မြင့်ဆွေးနွေးပွဲ ကို နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။ ယင်းဆွေးနွေး ပွဲနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးတွဲသတင်း ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပူးတွဲသတင်းထုတ်ပြန်ချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂)အဆင့်မြင့်ဆွေးနွေးပွဲ ကို နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်၍လည်းကောင်း၊ တရုတ်ဘက်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Liu Zhenmin နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး General Xu Fenlin တို့ ဦးဆောင်၍ လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။
၂။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်နေ ကာ ချစ်ကြည် ရင်းနှီးသည့် အိမ်နီး ချင်းကောင်း နိုင်ငံ များ ဖြစ်ကြပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးမှာ တိုးတက်ကောင်း မွန်လျက်ရှိ ပါသည်။ ဆွေးနွေးပွဲ ကို နှစ်နိုင်ငံအကြား တိုးတက်ကောင်းမွန်လျက်ရှိသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အခြေပြု၍ ကျင်းပရာ တွင် မြန်မာနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေး ချမ်းရေး၊ မြန်မာနိုင်ငံ ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် တရုတ်နိုင်ငံမှအပြုသဘောဆောင်သော အကူအညီ များပေး အပ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် ဝင်/ထွက် သွားလာမှုများ တားဆီးရေးနှင့် တရားဝင် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ များ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ခင်မင် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
၃။ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို နှစ်ဖက်စလုံးက လွန်စွာအလေး ထားကြပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ လက်ရှိဖြစ်ပေါ်နေသော တင်းမာမှု အခြေအနေကို အမြန်ဆုံး ပြေငြိမ်းသွားစေရန်နှင့် မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအခြေအနေ မူလပုံမှန် အနေအထား သို့ ပြန် လည် ရောက်ရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်ဘက်မှ တိုက်တွန်းပါသည်။
၎။ ပထမအကြိမ် မြန်မာ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ မကျင်းပမီ ၂၄-၁၁-၂ဝ၁၆ ရက်နေ့တွင် ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ဒုတိယဝန်ကြီး Mr.Liu Zhenmin တို့ ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များသည် လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် General Xu Fenlin တို့ ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့ဝင်များသည်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြပါသည်။
၅။ ဖော်ပြပါအစည်းအဝေးသည် မြန်မာနှင့်တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသ များလုံခြုံရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ် များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုးသက်ရောက်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ ပထမဆုံးအကြိမ် ကျင်းပပြုလုပ် သည့် ဗဟိုအစိုးရအဆင့် နှစ်နိုင်ငံဆွေးနွေးမှု ယ္တရားတစ်ခုဖြစ်ပါသည်။
၆။ ယင်းအဆင့်မြင့်ဆွေးနွေးပွဲအား နှစ်နိုင်ငံအကြား အလှည့်ကျနှစ်စဉ် ပုံမှန် ကျင်းပပြုလုပ်ရန်နှင့် ဒုတိယအကြိမ် ဆွေးနွေး ပွဲကို ၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ ၌ ကျင်းပပြုလုပ်ရန် နှစ်ဖက်သဘောတူခဲ့ကြပါသည်။

No comments:

Post a Comment