Friday, November 25, 2016

Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့အမှုအား စတင်တရားစွဲဆို၊ အာမခံလျှောက်ထားမှုအပေါ် လာမည့်ရုံးချိန်းတွင် အမိန့်ချမှတ်မည်


ရန်ကုန်-နိုဝင်ဘာ ၂၅
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသော Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့အမှုအား ယနေ့မွန်းလွဲပိုင်းက တာမွေမြို့နယ် တရား ရုံး၌ စတင်တရားစွဲဆိုခဲ့ပြီး အာမခံလျှောက်ထားမှုအပေါ် လာမည့်ရုံးချိန်းတွင် အမိန့်ချမှတ်သွားမည် ဖြစ်ကြောင်း အဆိုပါတရားရုံးမှ သိရသည်။

“မြို့နယ်ရဲက ဒီနေ့တရားစွဲတင်တယ်။ ဒီနေ့ကတော့ စစ်တာမဟုတ်ပါဘူး။ စွပ်စွဲခံရသူနှစ်ဦးက အာမခံလျှောက်တယ်။ လျှောက်ထားတာကို လျှောက်လွှဲချက်ကြားနာပြီး အာမခံလျှောက်ထား ခြင်းအတွက် အမိန့်ချမှတ်ဖို့ ပြန်လည်ချိန်းဆိုတာပါ” ဟု တာမွေမြို့နယ်တရားသူကြီးက အဆိုပါ အမှုနှင့်ပတ်သက်၍ ပြောသည်။
အဆိုပါအမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်း က တရားလိုပြုလုပ်၍ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ) ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် အမှုမှစွပ်စွဲခံရသူ နှစ်ဦးအား နိုဝင်ဘာ ၁၁ ရက်ညနေပိုင်းတွင် တာမွေမြို့နယ်တရားရုံးသို့ပို့ဆောင်ကာ သက်ဆိုင်ရာ က ချုပ်ရက် ရမန်ယူခဲ့သည်။
ယနေ့တွင် ချုပ်ရက် ရမန်ပြည်သည့် အတွက် တာမွေမြို့နယ် ရဲစခန်းက ယနေ့ မွန်းလွဲ တစ်နာရီခန့်တွင် တရားစွဲဆိုတင်ပို့ခဲ့သဖြင့် တာမွေမြို့နယ်တရားရုံး၏ ရာဇသတ်ကြီး အမှုအမှတ်-၈၁၅/၂၀၁၆ ဖြင့် လက်ခံစစ်ဆေးလျက်ရှိရာ တရားခွင်၌ Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် ၏ အကျိုးဆောင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်းက စွပ်စွဲခံရသူ ၄င်း၏ အမှုသည်မှာ ကျန်းမာရေးမကောင်းကြောင်း၊ အစာအိမ်နှင့် နှလုံးသွေးကြော ကျယ်သည့် ဝေဒနာနှင့် လည်ပင်းကျီးပေါင်း၊ အစာအိမ်ရောဂါတို့ဖြစ်ပွားနေသည့်အတွက် ဆေးကုသ နေရကြောင်း၊ နှလုံးရောဂါကြောင့် အချိန်မရွေးသေဆုံးသွားနိုင်ကြောင်း၊ ထောင်ကြီးချုပ်အတွင်းမှာပင် ဆေးဝါးကုသမှုခံယူနေရကြောင်း၊ ဆေးကုသခဲ့မှုမှတ်တမ်းများကိုလည်း ရုံးတော်သို့တင်ပြထားပြီး ဖြစ်ကြောင်း၊ ထို့အပြင် ၄င်း၏ အမှုသည်မှာ ထွက်ပြေးတိမ်းရှောင်မည့်သူမဟုတ်သည့်အတွက် အာမခံ ပေးသင့်ကြောင်း၊ ယင်းကဲ့သို့ အမှုမျိုးကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ပြည်မြို့နှင့် လှည်းကူး မြို့နယ် တရားရုံးတို့က အာမခံပေးခဲ့သည့် သာဓကများရှိကြောင်းတို့ကို မြို့နယ်တရားသူကြီးထံ တင်ပြလျှောက်ထားပြီး အာမခံပေးရန်လျှောက်လွဲချက်ပေးခဲ့သည်။
ထို့အတူ Eleven Media Group မှ အယ်ဒီတာချုပ် ဦးဝေဖြိုး ၏ အကျိုးတော်ဆောင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ကလည်း စွပ်စွဲခံရသူ ၄င်း၏ အမှုသည်အတွက် အာမခံပေးရန် တင်ပြလျှောက်ထားခဲ့သဖြင့် မြို့နယ်တရားသူကြီးက အာမခံပေးရန် လျှောက်ထားမှုအပေါ် လာမည့် ရုံးချိန်း ( နိုဝင်ဘာ ၃၀ ရက်) တွင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ အာမခံရဖို့လျှောက်လွဲချက်ပေးခဲ့တယ်။ ဒေါက်တာသန်းထွဋ်အောင် ကျန်းမာရေးမကောင်းဘူးဆိုတာ ဆရာဝန်ထောက်ခံချက်နဲ့ တင်ပြခဲ့တယ်။နေပြည်တော် က တရားရုံးမှာတုန်းကလည်း ဆေးစာတွေနဲ့ တင်ပြခဲ့တုန်းက အာမခံပေးခဲ့ဖူးတဲ့အတွက် အခုလည်း အာမခံပေးသင့်ပါတယ်လို့ လျှောက်လွဲချက်ပေးခဲ့ပါတယ်” ဟု ဦးဝေဖြိုး၏ အကျိုးတော်ဆောင်ဖြစ်သူ တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ဆိုသည်။

No comments:

Post a Comment