Tuesday, November 29, 2016

တတိယအကြိမ် မြန်မာ-ဂျပန် နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲကို ပုသိမ်တက္ကသိုလ်တွင် ပြုလုပ်မည်

ပုသိမ်၊   နိုဝင်ဘာ   ၂၈
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲကို ယခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ ထို့စာတမ်းဖတ်ပွဲကို ဂျပန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊  သြစတြေးလျနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နိုင်ငံများရှိ တက္ကသိုလ်များမှ ပါမေါက္ခများ၊ သုတေသနပညာရှင်များနှင့် ပူးပေါင်း၍မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များမှ  ပါမေါက္ခများ   သုတေသန ပညာရှင်  ဆရာ/မများနှင့်   အခြားသော နယ်ပယ်အသီးသီးမှ သုတေသနပညာရှင်များက   သုတေသနစာတမ်းများကို   ဖတ်ကြား ကြမည် ဖြစ်ပါသည်။ စာတမ်းများမှာ ပြည်ပစာတမ်း (၁၃၇) စောင်နှင့် ပြည်တွင်းစာတမ်း (၂၉၄) စောင်၊   စုစုပေါင်း (၄၃၁) စောင်     ဖတ်ကြားကြမည် ဖြစ်ပါသည်။

ယင်းစာတမ်းများအနက် သိပ္ပံပညာရပ်များဖြစ်သော ရုပဗေဒ၊ ဓါတုဗေဒ၊ သင်္ချာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေးလုပ်ငန်းဆိုင်ရာ အဏုဇီဝဗေဒ ဘာသာရပ်များသာမက ၀ိဇ္ဇာဘာသာရပ်များဖြစ်သော သမိုင်း၊ အရှေ့တိုင်းပညာ၊  ဒသနိကဗေဒ၊ ဥပဒေပညာနှင့် ဘာသာစကားဆိုင်ရာ စာတမ်းများကို ဖတ်ကြားကြမည်ဖြစ်ပါသည်။
စာတမ်းဖတ်ပွဲသို့ ပြည်တွင်း၊  ပြည်ပတက္ကသိုလ်(၄၀)နှင့် မြန်မာနိုင်ငံရှိ  ၀န်ကြီးဌာနများနှင့် ကုမ္ပဏီများ (၅) ခုမှ လည်း တက်ရောက်ကြမည် ဖြစ်ပါသည်။ ပုသိမ်တက္ကသိုလ်မှ ပါမေါက္ခများနှင့် သုတေသနပညာရှင် ဆရာ/မများကလည်း သုတေသန စာတမ်းများကို ဖတ်ကြားတင်သွင်းမည် ဖြစ်ပါသည်။
ယင်းစာဖတမ်းဖတ်ပွဲသည် ၂၀၁၄- ခုနှစ်မှ စတင် ပြုလုပ်ခဲ့ပြီး  ယခုနှစ် အပါအ၀င် (၃) ကြိမ် ရှိခဲ့ပြီး ဖြစ်ပါသည်။ ဒုတိယအကြိမ် သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်း (၂၂၀) ဖတ်ကြားခဲ့ပြီး တက်ရောက်သူမှာ (၅၀၀) ခန့်ရှိပါသည်။ ယခုနှစ် စာတမ်းများမှာ ယခင်နှစ် ကထက် (၂၁၁)စောင် များပြားခဲ့ပြီး တက်ရောက်မည်ဟု လက်ရှိစာရင်း  ပေးသွင်းထားသူများမှာ ဦးရေ (၈၅၀) ရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။

(ပုသိမ်၊ ခရိုင်ပြန်/ဆက်)

No comments:

Post a Comment