Wednesday, November 30, 2016

ပုလဲမြို့နယ်တွင် ကျွန်းသစ်အပါအ၀င် တရားမ၀င် သစ် ၂၉ တုံး ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

ပုလ၊ဲ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့်  မြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမ၀င်သစ်များ ခိုးယူခြင်း၊ ခုတ်လှဲခြင်း၊     သယ်ဆောင်ခြင်းများကို  တားဆီး ကာကွယ် ဖမ်းဆီးလျှက်ရှိရာ နိုဝင်ဘာ   ၂၉ ရက်က ကျွန်းသစ်အပါအ၀င် တရားမ၀င်သစ် ၂၉ တုံးကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းသည် မြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးခင်မောင်ဝင်း နှင့် ၀န်ထမ်းများ၊ လဲကန်ရဲစခန်းမှူး ရဲအုပ်ချစ်စန်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်    ပူးပေါင်းအဖွဲ့နှင့်အတူ   သတင်း အရ    နိုဝင်ဘာ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီက ဂျပ်ကျေးရွာအုပ်စု၊ အင်တိုင်းသာကျေးရွာ၏ အနောက်မြောက်ဘက် တစ်ဖာလုံခန့်အကွာ သုဿန်အနီးသွားရောက်ရှာဖွေရာ တရားမ၀င်သစ်   ပျဉ်းကတိုး ကိုးပေအရှည်   ၉ တုံး( ၁ ဒသမ ၂၄၆၈ တန် ) အား ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။
ထိုနောက် ပုလဲမြို့နယ်၊   အင်တိုင်းသာကျေးရွာ၏   အရှေ့ဘက်  တစ်ဖာလုံခန့်အကွာဝက်ကျ - ၅၅ မိုင်  ကားလမ်း တောင်ဘက် ပေ ၃၀ ခန့်အကွာ တောစပ်အတွင်းသို့ ဆက်လက်ရှာဖွေရာ တရားမ၀င်သစ် ကိုးပေအရှည် ကျွန်းသစ် ၁၀ တုံး( ၀ ဒသမ ၇၂၁၂ တန် )၊ ကိုးပေအရှည် ပျဉ်းကတိုးသစ် ၁၀ တုံး (၀ ဒသမ ၇၅၄၆ တန်)တို့ကို ပိုင်ရှင်မဲ့ ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ တရားမ၀င် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော ကျွန်းသစ်နှင့်ပျဉ်းကတိုးသစ်စုစုပေါင်း၂၉ တုံး(၂ ဒသမ ၇၂၂၆ တန်) ကို ပုလဲမြို့နယ်၊ အင်တိုင်းသာကျေးရွာ၊ ဆယ်အိမ်စုမှူး ဦးတင်စိုးနေအိမ်သို့ခေတ္တသယ်ဆောင် ထိန်းသိမ်းထားရှိခဲ့ကြောင်း၊ တရားမ၀င်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးနှင့်သစ်ခိုးယူခြင်း၊  သယ်ဆောင်ခြင်းလုပ်ငန်း  ဆောင်ရွက်နေသူများကို  ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေကွင်းဆင်းမှုကို အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

(ပုလဲ၊ ပြန်/ဆက်)

No comments:

Post a Comment