Monday, November 21, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တတိယ နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည်။


အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးပြီး ဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘင်းမ်စတက်အဖွဲ့ ၀င်နိုင်ငံများအကြား ဓာတ်အားကွန်ရက် အချင်းချင်း ချိတ်ဆက် ကုန်သွယ်နိုင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးရန် ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံ များအကြား နိုင်ငံဖြတ်ကျော် ဓာတ်အားကွန်ရက် ချိတ်ဆက် ကုန်သွယ်နိုင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ အဖွဲ့ဝင်နိုင်ငံများ၏ ဓာတ်အား ကွန်ရက်များ ချိတ်ဆက်မှုနှင့် ရောင်းဝယ်မှုများကို အကောင်အထည်ဖော်နိုင်ရေး စီမံချက်ရေးဆွဲခြင်း၊ အကောင် အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းမောင်းနှင်ခြင်း ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်ကျစရိတ်များကို အပြည့်အ၀ကာမိစေပြီး အကျိုးအမြတ် မျှဝေခံစားနိုင်စေရန်၊ အဖွဲ့ဝင်နိုင်ငံများသို့ ယုံကြည်စိတ်ချရသော စီးပွားရေး တွက်ခြေကိုက်မှုရှိသည့် လျှပ်စစ် ဓာတ်အားပို့လွှတ်မှု ရရှိရန်၊ ဓာတ်အားခ နှုန်းထားဆိုင်ရာ မူဘောင်ပေါ်ထွန်းလာ စေရန်နှင့် လျှပ်စစ်ဓာတ်အား ကုန်သွယ်မှု တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု လမ်းကြောင်းဖွင့်လှစ်ရန် ရည်ရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အကောင် အထည်ဖော်နိုင်ရန်အတွက် အဆင့်မြင့်အရာရှိများ ပါဝင်သည့် BIMSTEC  Grid  International Coordination  Committee ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုစာချွန်လွှာ လက်မှတ် ရေးထိုးနိုင်ရေးအတွက် အတည်ပြုပေး နိုင်ပါရန် ရှင်းလင်း တင်ပြသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မြန်မာနိုင်ငံ ၏ စီးပွားရေး တိုးတက်မှုအခြေအနေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့သဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားခဲ့ကြောင်း၊  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှု နှုန်းမှာ ၇ ဒသမ ၄၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ရည်မှန်းချက် ၈ ရာခိုင်နှုန်းအား ငွေကြေးဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်း ဘောင်အတွင်း ရရှိစေနိုင်မည့် ငွေကြေးပမာဏကို ခန့်မှန်းတွက်ချက်ပြီး စုစုပေါင်း ငွေကြေးပမာဏတိုးတက်မှုနှုန်း ရည်မှန်းချက်အား ကနဦး ၃၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့သော်လည်း ၂၅ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မတ်လကုန်တွင် စုစုပေါင်း ငွေကြေးပမာဏ တိုးတက်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်း ရှိခဲ့သဖြင့် ရည်မှန်းချက်ဘောင်အတွင်း ရှိခဲ့ပါကြောင်း။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေကို အစိုးရ ငွေတိုက်စာချုပ်နှင့် အစိုးရငွေတိုက် လက်မှတ်များဖြင့် ဖြည့်ဆည်းရာတွင် ဘတ်ဂျက်လိုငွေ၏ ၃၀ ရာခိုင်နှုန်းအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ငွေတိုက်လက်မှတ်များ ၀ယ်ယူခြင်းဖြင့် ဖြည့်ဆည်းပေးခဲ့ပါကြောင်း။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ၏ ဈေးကွက်ငွေ လဲလှယ် နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် အနိမ့်ဆုံး ၉၆၁ ကျပ်နှင့် အမြင့်ဆုံး ၁၀၉၄ ကျပ်ရှိခဲ့ပါကြောင်း။

အမေရိကန်ဒေါ်လာ အားကောင်းခိုင်မာလာခြင်းကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ ကျပ်ငွေမှာ ၁၂ ဒသမ ၇ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပြီး အခြားနိုင်ငံခြားငွေကြေး တန်ဖိုးများလည်း ကျဆင်းခဲ့ပါကြောင်း၊ နိုင်ငံ၏ ကုန်သွယ်မှု လိုငွေ မြင့်မားလာသည်နှင့်အမျှ အမေရိကန်ဒေါ်လာ လိုအပ်ချက် များပြားလာခြင်းသည်  မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းရခြင်း၏ အကြောင်းတစ်ရပ် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွဲ့စည်းတည်ဆောက်ထားမှုမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်ကုန်တွင် နိုင်ငံပိုင်ဘဏ်(၄)ဘဏ်၊ ပုဂ္ဂလိကဘဏ်(၂၂)ဘဏ်၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲ (၃၇)ရုံး၊ ငွေရေးကြေးရေး ကုမ္ပဏီ (၉)ခု၊ Money Changer လုပ်ငန်း(၂၄၁)ခု၊ အာမခံကုမ္ပဏီ(၁၅)ခု၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်း (၂၂၆) ခုဖြင့် ဖွဲ့စည်းထားရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍသည် ခေတ်မီလာပြီး လျင်လျင်မြန်မြန် တိုးတက်လျက်ရှိပါကြောင်း၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်၏ ဆောင်ရွက်ချက် အစီရင်ခံစာအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်းတွင် ဘဏ်၏ ငွေရေးကြေးရေး ကုမ္ပဏီများ၏ နှစ်စဉ်ဝင်ငွေရရှိမှုသည် တိုးတက်လျက်ရှိသည်ကို တွေ့ရပါကြောင်း ရှင်းလင်းတင်ပြသည်။

အဆိုပါ ကိစ္စရပ်နှစ်ခုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


(သတင်းစဉ်) 

No comments:

Post a Comment